ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ သစ်သားစက်ရုံတွင် အလုပ်လုပ်နေစဉ် မတော်တဆမှုဖြစ်ပြီး လက်ချောင်းများ ပြတ်သွားသော မြန်မာအလုပ်သမားတစ်ဦးသည် နစ်နာကြေး ဘတ် ငါးသိန်း ရရှိကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံမှ သိရသည်။
ကိုမြတ်သူအောင်သည် ပြီးခဲ့သောနှစ် ဇူလိုင်လခန့်က ဘော်ထော်ဒေသရှိ သစ်သားစက်ရုံတွင် သစ်ခွဲနေစဉ် စက်ချို့ယွင်းမှု ကြောင့် သစ်ကိုင်ထားသော ဘယ်ဘက်လက်ကို ထိခိုက်မိပြီး လက်ချောင်း ငါးချောင်းစလုံး ဆုံးရှုံးခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။
လုပ်ငန်းခွင်ထဲ မတော်တဆမှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသော်လည်း အလုပ်ရှင်ဖြစ်သူက ကိုမြတ်သူအောင်၏ ဥပဒေအရ ရသင့်သော နစ်နာကြေးများကို တာဝန်ယူပေးခဲ့ခြင်းမရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် နစ်နာကြေးများ ရရှိရန် WAG အဖွဲ့ထံ အကူအညီတောင်းခံလာသဖြင့် ကိုမြတ်သူအောင်နှင့်အတူ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ချွန်ဘူရီခရိုင် လူမှုဖူလုံရေးရုံးတွင် တိုင်ကြားခဲ့ကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။
ယင်းနောက် ၁၁ လခန့်အကြာ ယနေ့ ဩဂုတ်လ ၁၃ ရက်တွင် လူမှုဖူလုံရေးရုံးက သတ်မှတ်ထားသောနစ်နာကြေး ဘတ် ငါးသိန်းကို အလုပ်ရှင်ဖြစ်သူက ပေးဆောင်ရန် ချွန်ဘူရီတရားရုံးက အမိန့်ချကြောင်း ၎င်းက ဆိုသည်။
ကိုမြတ်သူအောင်သည် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် တရားဝင် လာရောက်အလုပ်လုပ်ကိုင်သော အလုပ်သမားဖြစ်ပြီး အဆိုပါစက်ရုံသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည်မှာ တစ်လသာရှိသေးကြောင်း ကိုမုန်တိုင်းက ပြောဆိုသည်။
လုပ်ငန်းခွင်ထဲ မတော်တဆမှုဖြစ်သည့်အချိန်တွင် အလုပ်ရှင်လည်း မပြောင်းရသေးသဖြင့် အလုပ်ရှင်ဘက်က နစ်နာကြေးပေးရန် တာဝန်မယူဘဲ ဆက်တိုက်ငြင်းဆိုနေခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။
“အမှုက ကြာတယ်ပေါ့နော်။ ပကန်စံခွန် (လူမှုဖူလုံရေးရန်ပုံငွေ ထည့်ဝင်ထားတာ) မရှိတာရယ်၊ အလုပ်ရှင် မပြောင်းရသေး တာရယ်ဆိုတော့ တရားရုံးအထိတက်ပြီး ရင်ဆိုင်ရတာ။ တရားရုံးကအမိန့်ချမှ နစ်နာကြေးပြန်ရတာ” ဟု ကိုမုန်တိုင်းက ပြောသည်။
ထိုင်းရောက်မြန်မာအလုပ်သမားများသည် ဆေးရုံဘတ် သို့မဟုတ် ကျန်းမာရေးအာမခံများအစား လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) များ ထည့်ဝင်၍ လုပ်ဆောင်သင့်ပြီး ယခုဖြစ်စဉ်တွင် ပကန်စံခွန်မရှိသဖြင့် နစ်နာကြေးရရှိရန် အချိန် ကြန့်ကြာ နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။