ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် ကိုယ်ဝန် ငါးလခန့်ရှိသော သန္ဓေသားလောင်းကို ဖျက်ချပြီး အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့သော မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။
အောက်တိုဘာလ ၈ ရက်နေ့က ဘန်းပအင်းဒေသရှိ အမှိုက်ပုံးထဲတွင် ကိုယ်ဝန် ၄-၅ လခန့်ရှိသော သန္ဓေသား၏ အလောင်းကို အမှိုက်သိမ်းသမားက တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
CCTV မှတ်တမ်းများကို စစ်ဆေးကြည့်ရာ နံနက်စောစောတွင် အမျိုးသမီးတစ်ဦးက အိပ်ယာခင်းဖြင့် ရစ်ပတ်ထားသော သန္ဓေသားကို ယူဆောင်လာပြီး အမှိုက်ပုံးထဲပစ်၍ ပြန်သွားခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အမျိုးသမီး၏ အချက်အလက်ကို သိရှိနိုင်ရန် အနီးအနားကို စုံစမ်းမေးမြန်းရာမှ အသက် ၂၅ နှစ်အရွယ် မမေအမည်ရှိ မြန်မာအမျိုးသမီးဖြစ်နေသည်ကို သိရှိခဲ့ကြကြောင်း သတင်းတွင်ဖော်ပြသည်။
ရဲတပ်ဖွဲ့များက မြန်မာအမျိုးသမီး ငှားထားသော အဆောင်သို့ သွားရောက်စစ်ဆေးစဉ် လူခန္ဓာကိုယ် ညှိုးနွမ်းနေသည်ကို တွေ့ရှိခဲ့ရသည်။
အမျိုးသမီးသည် ချစ်သူနှင့် ကွဲကွာခဲ့ပြီးနောက် ကိုယ်ဝန်သုံးလလွယ်ထားရသည်ကို သိရှိခဲ့ကြောင်း၊ တစ်ဦးတည်း ကလေးကို ပြုစုပျိုးထောင်ရန် မတတ်နိုင်သဖြင့် ကိုယ်ဝန်ဖျက်ချပြီး စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ထို့ကြောင့် မြန်မာအမျိုးသမီးကို ၁၂ ပတ်နှင့်အထက်ကိုယ်ဝန်ကို ဖျက်ချမှုဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ထိုင်းနိုင်ငံအတွင်း ကလေးငယ်များကို အကြောင်းပြချက်မရှိပဲ ဖျက်ချပါက ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ ဘတ် ၁၀၀၀၀ အထိ ပေးဆောင်ရနိုင်သည်။
Ref: Khaosod, MGR Online