သတိပေးချက်
October 14, 2025

ကော့ဖငန်းတွင် ကန်ထရိုက်ယူပြီး အိမ်ဆောက်သည်ဆိုကာ မြန်မာခြောက်ဦးဖမ်းဆီးခံရ

October 13, 2025

October 13, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် ကန်ထရိုက်ယူ၍ အိမ်များကို ကိုယ်တိုင်ဆောက်လုပ်နေသည် ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား ခြောက်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အောက်တိုဘာလ ၁၁ ရက်တွင် ထိုင်းနိုင်ငံသား ကန်ထရိုက်လုပ်ငန်းရှင်များက တိုင်ကြားလာသဖြင့် နယ်မြေခံရဲတပ်ဖွဲ့က ကွင်းဆင်းစစ်ဆေးဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ကော့ဖငန်းကျွန်းပေါ်က ဆောက်လုပ်ရေးလုပ်ငန်းများတွင် ထိုင်းကန်ထရိုက်တာများက အခြားနိုင်ငံခြားသားများနှင့် ယှဉ်ပြိုင်နေရသဖြင့် စစ်ဆေးပေးရန် တိုင်ကြားခဲ့ကြောင်း ဆိုသည်။

ထိုင်းနိုင်ငံထဲ ကန်ထရိုက်ယူ၍ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းသည် ထိုင်းနိုင်ငံသားများအတွက်သာ ခွင့်ပြုထားသည့် အလုပ်တစ်ခုဖြစ်ပြီး နိုင်ငံခြားသားများ လုပ်ပိုင်ခွင့် မရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

ကွင်းဆင်းစစ်ဆေးရာ ဘန်းနိုင်ဝတ်ရပ်ကွက်တွင် မြန်မာနိုင်ငံသားသုံးဦးက အစ္စရေးစီးပွားရေးလုပ်ငန်းရှင်အတွက် အိမ် ခုနစ်လုံးကို ဆောက်လုပ်ပေးရန် ကန်ထရိုက်ယူ သဘောတူထားသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။

အိမ်တစ်လုံးလျှင် ထိုင်းဘတ် ခုနစ်သန်း တန်ဖိုးရှိကြောင်း‌ ဖော်ပြသည်။

မြန်မာနိုင်ငံသား သုံးဦးကို စစ်ဆေးရာ ပြီးခဲ့သောနှစ်များက ၎င်းတို့၏ ဘဏ်အကောင့်များတွင် ဘတ် ၈ ဒသမ ၉ သန်းအထိ ငွေအဝင်အထွက် ရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့သုံးဦးသည် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် မှတ်ပုံတင်ထားသော အလုပ်သမားများဖြစ်သော်လည်း အဆိုပါအိမ် ခုနစ်လုံး ဆောက်လုပ်ရန် ကုမ္ပဏီဘက်က ကန်ထရိုက်ယူထားခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။

နောက်ထပ် မြန်မာနိုင်ငံသား နှစ်ဦးသည် အိမ်များထဲတွင် လျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်ရန် ခန့်ထားသည်ကို တွေ့ရကြောင်း ဆိုသည်။

၎င်းတို့ကို အစ္စရေးနိုင်ငံသားတစ်ဦးက အိမ်ထဲ လျှပ်စစ်လုပ်ငန်း လုပ်ဆောင်ရန် တစ်ရက် ဘတ် ၅၀၀ နှုန်းဖြင့် အလုပ်ခန့်ထားသဖြင့် အလုပ်လုပ်နေခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နောက်ထပ် အိမ်အနီးက မြန်မာနိုင်ငံသားတစ်ဦးကိုလည်း ထပ်မံစစ်ဆေးရာ စာရွက်စာတမ်းများကို မတင်ပြနိုင်သဖြင့် ထပ်မံဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ခြောက်ဦးကို လိုင်စင်မရှိဘဲ တရားမဝင် စီးပွားရေးလုပ်ဆောင်မှု၊ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှု၊ တရားမဝင် ဝင်ရောက်လာမှုများဖြင့် အသီးသီး အမှုဖွင့် အရေးယူထားကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများကို အလုပ်ခန့်ထားသော အစ္စရေးနိုင်ငံသားကိုလည်း လိုင်စင်မရှိဘဲ တရားမဝင် စီးပွားရေးလုပ်ဆောင်မှု၊ နိုင်ငံခြားသားများကို တရားမဝင် အလုပ်ခန့်ထားမှုများဖြင့် တရားစွဲနိုင်ရေး သက်သေအထောက်အထားများကို စုစည်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

Ref: Naewna, Khaosod, Bangkok Post