သတိပေးချက်
December 23, 2024

ထိုင်းတွင် ဘတ်အသစ် စာရင်းတင်ခွင့် ဒီဇင်ဘာ ၁၆ မှ ၃၀ ရက်အထိသာ ခွင့်ပြုမည်

December 13, 2024

December 13, 2024

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအပါအဝင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဒီဇင်ဘာလ ၁၆ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အထိ ဘတ်အသစ်အတွက် အမည်စာရင်း တင်ခွင့်ပြုလိုက်ပြီဖြစ်သည်။

ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာနက ပေးပို့လာသည့် သတင်းအချက်အလက်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ ဒီဇင်ဘာလ ၁၃ ရက်က ထပ်ဆင့်အသိပေးထုတ်ပြန်ရာတွင် ယင်းသို့ဖော်ပြ ထားခြင်းဖြစ်သည်။

ထိုင်းတွင် ယာယီနေထိုင်အလုပ်လုပ်ခွင့်ပြုသည့် ယင်းကတ်ကို ဘတ်ဟုခေါ်ကြသလို ပန်းရောက်ကတ်ဟုလည်း ခေါ်ကြသည်။

တရားမဝင် ရောက်ရှိလုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများ၊ ဘတ် သက်တမ်းကုန်ဆုံးသူများ၊ တရားဝင် ဝင်ရောက်ခဲ့ပြီးနောက် အလုပ်တရားမဝင် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများမှာ တရားဝင်နေထိုင်လုပ်ကိုင်ခွင့် ရရှိရန် ထိုင်းအစိုးရက အမည်စာရင်းတင်ခွင့်ပြုခြင်း ဖြစ်သည်။

ပထမအဆင့်အဖြစ် ဒီဇင်ဘာလ ၁၆ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အထိ ၁၅ ရက်အတွင်း အလုပ်သမားအမည်စာရင်း တင်သွင်းရမည်ဖြစ်သည်။

ယင်းနောက် ဒုတိယအဆင့်အဖြစ် ကျန်းမာရေးအာမခံနှင့် ကျန်းမာရေးစစ်ဆေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။

အလုပ်အကိုင်ဦးစီးဌာနကခွင့်ပြုသည့် ဆေးရုံနှင့် ပုဂ္ဂလိကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးစစ်ဆေးရမည်ဖြစ်ပြီး ကျန်းမာရေး အာမခံကိုလည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ခွင့်ပြုထားသည့် အာမခံကုမ္ပဏီတို့တွင် ထားရှိရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အလုပ်လုပ်ခွင့်ပါမစ် လျှောက်ရာတွင် ကျန်းမာရေးစစ်ဆေးချက်နှင့် ကျန်းမာရေးအာမခံတို့ကို တင်သွင်းရမည်ဖြစ်သည်။

အလုပ်လုပ်ခွင့်ပါမစ်ကို ဒီဇင်ဘာလ ၃၁ ရက်မှ လာမည့် ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်အတွင်း လျှောက်ထားရမည်ဖြစ်သည်။ လျှောက်ထားပြီးနောက် ထိုင်းအစိုးရက လျှောက်လွှာများကို စိစစ်ပြီးအလုပ်လုပ်ခွင့်ပြုခြင်းတို့ကို မတ်လ ၃၁ရက်မှ ဧပြီလ ၂၉ရက်အတွင်း လုပ်ဆောင်သွားမည်ဖြစ်သည်။

တတိယအဆင့်အဖြစ် အလုပ်သမားများ၏ ဇီဝဆိုင်ရာအချက်အလက်များကို မတ်လ ၃၁ရက်မှ ဇွန်လ ၂၈ရက်အထိ ထိုင်းအစိုးရက စုဆောင်းသွားမည်ဖြစ်သည်။

နိုင်ငံကူးလက်မှတ်၊ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား CI ကိုင်ဆောင်ကာ တရားဝင်လုပ်ကိုင်နေပြီး သက်တမ်း ကုန်တော့မည့် အလုပ်သမားများမှာလည်း ဖေဖော်ဝါရီလ ၁၃ ရက်အထိ အမည်စာရင်း တင်သွင်းခွင့်ပြုထားကြောင်း ဖော်ပြထားသည်။