သတိပေးချက်
December 23, 2024

ဘန်ကောက်တွင် တောင်းရမ်းသူများကို ဖမ်းဆီးရာ မြန်မာအပါအဝင် ၁၂ ဦးဖမ်းခံရ

December 13, 2024

December 13, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လမ်းမများပေါ်တွင် ငွေတောင်းရမ်းနေသော မြန်မာအပါအဝင် ၁၂ ဦးကို ယမန်နေ့ (ဒီဇင်ဘာလ ၁၂) ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဘန်ကောက်၏ နာမည်ကြီးဒေသများဖြစ်သော အစုတ်လမ်းဆုံမှတစ်ဆင့် နာနားနယ်မြေအထိ စူကူဗစ်လမ်းမကြီးအတိုင်း နယ်မြေရဲတပ်ဖွဲ့နှင့် လဝကအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

လမ်းတစ်လျှောက်တွင် တောင်းရမ်းနေသူများ ပိုများလာနေသဖြင့် ခရီးသွားပုံရိပ်ကို ထိခိုက်နေကြောင်း သတင်းပေးတိုင်ကြားမှုများလာ၍ ကွင်းဆင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

စစ်ဆေးစဉ် လမ်းတစ်လျှောက် ငွေတောင်းခံနေသော ထိုင်းနိုင်ငံသား ၈ ဦး၊ ကမ္ဘောဒီးယား ၂ ဦး၊ လာအို ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦးကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းတို့အနက် ထိုင်းအမျိုးသမီးတစ်ဦးထံတွင် ငွေသား ဘတ် ၃ သိန်းကျော်ကို တွေ့ရှိခဲ့ပြီး ၎င်း၏ ဘဏ်အကောင့်ထဲတွင်လည်း ဘတ် ၁ သန်းခန့်ရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

ယင်းငွေများသည် တောင်းရမ်းပြီး ရရှိထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ဖြေကြားထားသည်။

၎င်းတို့ ၁၂ ဦးစလုံးကို လူဖီနီရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်၍ တောင်းရမ်းမှုဖြင့် အမှုဖွင့်ထားပြီး မြန်မာအပါအဝင် နိုင်ငံခြားသား လေးဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ထပ်တိုးအမှုဖွင့်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Bangkok Post, The Thaiger, Khaosod English