ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်တွင် အမျိုးသမီး အတွင်းခံ အခု တစ်ရာကျော်ကို ခိုးယူမှုဖြင့် မြန်မာနိုင်ငံသားအမျိုးသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
၂၄ နာရီဖွင့်သည့် အဝတ်လျှော်စက်များတွင် အဝတ်လျှော်ထားသော အမျိုးသမီးအတွင်းခံ တစ်ရာ ကျော်ကို ခိုးယူခဲ့မှုဖြင့် မတ်လ ၁၃ ရက် ညနေပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူသည် အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး သူနေထိုင်ရာ အခန်းထဲတွင် ခိုးယူထားသော အတွင်းခံများနှင့်အတူ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။
နခွန်စဝမ်မြို့ထဲ ၂၄ နာရီဖွင့်ထားသော အဝတ်လျှော်ဆိုင်များတွင် အမျိုးသမီးအတွင်းခံများ ပျောက်ဆုံးနေမှုကို တိုင်ကြားမှုများလာသဖြင့် ဆိုင်ပိုင်ရှင်က CCTV မှတ်တမ်းကို ကြည့်၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။
ရဲတပ်ဖွဲ့က CCTV မှတ်တမ်းအရ ခြေရာခံရာ အခန်းငှားနေထိုင်သော မြန်မာနိုင်ငံသားကို ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
မြန်မာအမျိုးသားက လိင်စိတ်ကို ဖြေဖျောက်ရန် အမျိုးသမီးအတွင်းခံများကို အဝတ်လျှော်စက်များတွင် ခိုးယူခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
လက်ရှိတွင် မြန်မာအမျိုးသားကို နခွန်စဝမ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ခိုးမှုဖြင့် အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: CH 7, Nakhon Sawan News






