ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၁ ဦးနှင့် ကူညီပို့ဆောင်ပေးသော မြန်မာကားသမားတို့ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းက အယုဒ္ဓယခရိုင်၊ ဝမ်းနွိုင်ဒေသရှိ အဝေးပြေးလမ်းမပေါ်တွင် ရဲတပ်ဖွဲ့များက ဂိတ်ချ စစ်ဆေးနေစဉ် ကားတစ်စီးသည် လမ်းကြောင်းပြောင်း၍ အရှိန်မြှင့် မောင်းသွားသဖြင့် ရဲတပ်ဖွဲ့က နောက်ကလိုက်၍ ရပ်တန့်စေခဲ့ကြောင်း ဖော်ပြသည်။
ကားကို အသက် ၃၇ နှစ်အရွယ် ကိုဇင်လင်းအောင်က မောင်းနှင်လာခဲ့ပြီး ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ရှစ်ဦး၊ အမျိုးသမီး သုံးဦး လိုက်ပါလာသည်ကို တွေ့ရှိရကြောင်း ဆိုသည်။
မြန်မာနိုင်ငံသား ၁၁ ဦးတွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် နေထိုင်ခွင့် အထောက်အထား စာရွက်များကို မတွေ့ရကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံထဲသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာကြပြီး စတင်ဝင်ရောက် လာစဉ်ကတည်းက နှစ်ရက်ကျော်ကြာသည်အထိ အစာမစားရသေးဟု ရဲတပ်ဖွဲ့ထံထွက်ဆိုထားကြောင်း သတင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို နခွန်စဝမ်ဒေသမှတစ်ဆင့် ချွန်ဘူရီခရိုင်ရှိ နော့ယိုင်ဒေသသို့ ပို့ဆောင်ပေးရန် ဘတ် ၁၁၀၀၀ ဖြင့် အခြားမြန်မာနိုင်ငံသားတစ်ဦးက ငှားရမ်ခဲ့သဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ကိုဇင်လင်းအောင်က ထွက်ဆိုသည်ဟု ဆိုသည်။
ယခုကဲ့သို့ နှစ်ကြိမ် ပို့ဆောင်ဖူးပြီး မြန်မာနိုင်ငံသားများတွင် အထောက်အထားမရှိသည်ကို သိရှိထားကြောင်း ထွက်ဆိုကြောင်းလည်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကလည်း မဲဆောက်ဒေသသို့ လှေဖြင့် တရားမဝင် ဝင်လာကြပြီး ထိုင်းနိုင်ငံထဲ ပို့ဆောင်ပေးရန် ပွဲစားကို ဘတ် ၁၀၀၀၀ စီ ပေးချေထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။
တရားမဝင် နိုင်ငံခြားသားများကို ကူညီပို့ဆောင်ပေးမှုဖြင့် ကိုဇင်လင်းအောင်ကို ကနဦး အမှုဖွင့်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။
ကျန်မြန်မာနိုင်ငံသား ၁၁ ဦးကိုမူ တရားမဝင် ဝင်ရောက်လာမှုဖြင့် အရေးယူထားကြောင်း ဖော်ပြသည်။
Ref: Daily News, FM 91