ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၇ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက အန်ထောင်းဒေသ အာရှလမ်းမကြီးပေါ်တွင် ရှေ့နောက်မောင်းလာသော မသင်္ကာစရာ ကားနှစ်စီးကို အမြန်လမ်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ကားထဲတွင် ထိုင်းနိုင်ငံသား ကားသမားနှစ်ဦးနှင့်အတူ မြန်မာနိုင်ငံသား ၁၇ ဦးကို တွေ့ရပြီး မြန်မာနိုင်ငံသားများတွင် နေထိုင်ခွင့် စာရွက်များ မတွေ့ရကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို တာခ့်ခရိုင်မှ ဘန်ကောက်မြို့သို့ ပို့ဆောင်ပေးရန် ခေါ်လာခြင်းဖြစ်ပြီး ပို့ဆောင်ခ တစ်ဦးလျှင် ဘတ် ၁၃၀၀ အထိ ရရှိကြောင်း၊ ယင်းကဲ့သို့ ပို့ဆောင်နေသည်မှာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း ကားသမားများ၏ ဖြေကြားချက်ကို ဖော်ပြသည်။
ထို့ကြောင့် ကားသမားများနှင့်အတူ မြန်မာနိုင်ငံသားများကို ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန် အန်ထောင်း ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: FM 91, ထိုင်းအမြန်လမ်း ရဲတပ်ဖွဲ့