ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခလောင်တိန်ဈေးအနီး လူကူးခုံးကျော်တံတားပေါ်တွင် မြန်မာလူငယ်တစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၂ နာရီခန့်က လူကူးခုံးကျော်တံတားပေါ်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသော မြန်မာလူငယ်၏ အလောင်းကို ထိုင်းနိုင်ငံသားတစ်ဦးက တွေ့ရသဖြင့် ရဲကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာချိန်တွင် မြန်မာလူငယ်သည် သွေးအိုင်ထဲ၌ မှောက်လျက် သေဆုံးနေပြီး ဦးခေါင်း၊ လက်၊ တင်ပါးနှင့် နောက်ကျောများတွင် ထိုးသွင်းဒဏ်ရာများစွာ ရရှိထားကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။
သေဆုံးသူသည် အသက် ၁၉ နှစ်အရွယ် ကိုမင်းစိုးသူ (ခ) ပိုင်ပိုင် ဖြစ်ပြီး မြန်မာနိုင်ငံ မွန်ပြည်နယ် ကျိုက်မရောဇာတိဖြစ်ကြောင်း နီးစပ်သူက ပြောသည်။
အခင်းဖြစ်သောညက ပိုင်ပိုင်သည် ခုံးကျော်တံတားပေါ်တွင် မိခင်ဖြစ်သူနှင့် ဖုန်းပြောအပြီး ဂိမ်းထိုင်ဆော့နေစဉ် အခြားလူငယ်များက လက်နက်များဖြင့် လာရောက်၍ ထိုးခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် နီးစပ်သူက ပြောသည်။
“သူ့အဒေါ်တွေ ဆေးရုံလိုက်သွားတော့ ရဲပြောတာက လူ ၉ ယောက်က ဝိုင်းလုပ်တာလို့ ပြောတယ်။ သူတစ်ယောက်တည်း ခံလိုက်ရတာ။ ထိုးစိုက်ထားတဲ့ ဒဏ်ရာတွေကို အချက် ၂၀ လောက်ရှိတယ်ပြောတယ်” ဟု သေဆုံးသူနှင့် နီးစပ်သူက ပြောသည်။
သေဆုံးသူသည် မြန်မာပြည်တွင်း စစ်မှုထမ်း ဥပဒေကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသူ တစ်ဦးဖြစ်ကြောင်း အဆိုပါနီးစပ်သူက ပြောသည်။
အခင်းဖြစ်သောညက တံတားအောက်တွင် ဆိုင်ကယ်များနှင့် လူငယ်တစ်စုသည် တုတ်နှင့် လက်နက်များ ကိုင်ဆောင်၍ အော်ဟစ်ရန်ဖြစ်နေကြကြောင်း၊ အချင်းချင်း မြန်မာဘာသာဖြင့် ပြောဆိုနေကြသဖြင့် အဓိပ္ပာယ်ကို မသိကြောင်း၊ နံနက်ပိုင်းတွင် ထိုးသွင်းဒဏ်ရာများဖြင့် လူငယ်တစ်ဦး သေဆုံးနေသည်ကို ကြားရကြောင်း အနီးရှိ ထိုင်းနိုင်ငံသား ဈေးသည်တစ်ဦးက ရဲတပ်ဖွဲ့သို့ ဖြေကြားထားသည်။
လက်ရှိတွင် အခင်းဖြစ်သောညက ပါဝင်ခဲ့သော လူငယ်တစ်ချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီဖြစ်ပြီး စစ်ဆေးနေဆဲဖြစ်ကြောင်း နီးစပ်သူထံမှ သိရသည်။
Ref: PPTV