သတိပေးချက်
June 22, 2025

ထိုင်းတောင်ပိုင်းတွင် မြိတ်ဒေသခံများအပါအဝင် မြန်မာလုပ်သား ၁၇ ဦး ဖမ်းဆီးခံရ

August 15, 2023

August 15, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ပကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦး ဩဂုတ်လ ၁၄ ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ် ပကျွတ်ခရီခန်မြို့ ကောလက်ဒေသတွင် တောလမ်းအတိုင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသော မြန်မာအလုပ်သမားများကို တွေ့ရှိသည်ဆိုသည့် သတင်းအရ နယ်ခြားစောင့်တပ်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။

မောတောင်-ဆင်ခွန်းနယ်စပ်ဂိတ်နှင့် ၄ ကီလိုမီတာကျော်အကွာရှိ တောထဲတွင် ခြေလျင်လမ်းလျှောက်နေသော မြန်မာအလုပ်သမား အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ခြောက်ဦးတို့ကို တွေ့ရှိသည်ဟု ဆိုသည်။

၎င်းတို့သည် မြန်မာနိုင်ငံသား မှတ်ပုံတင်သာ ကိုင်ဆောင်ထားသော ထိုင်းနိုင်ငံတွင် တရားဝင် ဝင်ရောက်သွားလာ၊ လုပ်ကိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီ စသော တိုင်းနှင့် ပြည်နယ်တို့က လာရောက်ကြသူများဖြစ်ကြောင်း ဖော်ပြသည်။

၎င်းတို့သည် စမွတ်စခွန်၊ စွန်ခရာ၊ ဖန်ငနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွက် သွားလိုသည့် နေရာအပေါ်မူတည်ကာ ဘတ် ၁၇၀၀၀ (ကျပ်၁၇သိန်းကျော်) မှ ၄၈၀၀၀ (ကျပ် ၄၈ သိန်းကျော်) အထိ ပေးချေရမည်ဖြစ်ကြောင်း ရေးသားထားသည်။

အဆိုပါမြန်မာအလုပ်သမားများကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် ပကျွတ်ခီရီခန် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သော ဩဂုတ်လ ၁၃ ရက်နေ့ကလည်း နခွန်ပထုံခရိုင် အဝေးပြေးလမ်းမတွင် ကားပေါ်၌ ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၅ ဦး ဖမ်းဆီးခံခဲ့ရသေးသည်။

Ref: Siamrath, naewna