ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ မြန်မာကလေးငယ်များ ပညာသင်ယူနေသော လေ့ကျင့်ရေးစင်တာကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် စာသင်ကြားပေးနေသော မြန်မာဆရာမတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများနှင့် ကျောင်းနာယကထံမှ သိရသည်။
ဩဂုတ်လ ၁၄ ရက်နေ့က မဟာချိုင်ဒေသ မွန်းမိုင်ဈေးအနောက် DTIC (လွတ်လပ်သော ကလေးများ နေ့စဉ် လေ့ကျင့်ရေးစင်တာ) သို့ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် လဝကအဖွဲ့က တိုင်ကြားချက်ရရှိသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
DTIC စင်တာသည် မဟာချိုင်ဒေသတွင် မြန်မာအလုပ်သမားများ အလုပ်သွားချိန် ၎င်းတို့၏ ကလေးငယ်များ ပညာသင်ယူနိုင်ရေး လေ့ကျင့်သင်ကြားပေးနေသော လေ့ကျင့်ရေးစင်တာဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးချိန်တွင် မြန်မာကလေးငယ် ၁၀၀ ခန့် ပညာသင်ယူနေပြီး အသက် ၄၈ နှစ်အရွယ် ဆရာမ မမာလာအောင်က ကလေးများကို ပညာသင်ပေးနေကြောင်း သတင်းတွင် ဖော်ပြသည်။
မမာလာအောင်ကို စစ်ဆေးရာ အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူဖြစ်ပြီး ထိုင်းနိုင်ငံထဲ ပညာသင်ကြားခွင့် မရှိသူဖြစ်သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ဟုဆိုသည်။
လက်ရှိတွင် ဆရာမ မမာလာအောင်ကို စာသင်ခွင့်မရှိဘဲ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှု၊ အာဏာပိုင်များကို သတင်းအမှား ဖော်ပြမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။
ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဆရာမ မမာလာအောင်ကို စွဲထားသော အမှုများအတွက် တရားရုံးတက် စစ်ဆေးခံနေရဆဲဖြစ်ကြောင်း DTIC စင်တာ၏ နာယကက ပြောသည်။
“လောလောဆယ် တရားရုံးတက်နေရတဲ့ အခြေအနေဖြစ်နေပြီ။ ပြီးမှပဲ ဘုန်းဘုန်းတို့ ပြောနိုင်မယ်” ဟု DTIC စင်တာ၏ နာယက ဆရာတော်က မိန့်သည်။
စင်တာတွင် မြန်မာကလေးငယ်များအား တစ်ဦးလျှင် တစ်လ ဘတ် ၁၅၀၀ မှ ၂၀၀၀ နှုန်းဖြင့် ကျောင်းလခ ကောက်ခံထားသည်ဟုလည်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
လက်ရှိတွင် မဟာချိုင်ဒေသက တရားမဝင် ဖွင့်လှစ်နေသော မြန်မာစာသင်ကျောင်းများကို ပိတ်သိမ်းရန် ထိုင်းအစိုးရဘက်က ညွှန်ကြားထားသလို တင်းတင်းကျပ်ကျပ် စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း မေလကတည်းက ထုတ်ပြန်ထားသည်။
မဟာချိုင်ဒေသက မြန်မာစာသင်ကျောင်းတစ်ချို့ ပိတ်သိမ်းလိုက်ရသဖြင့် မြန်မာကလေးငယ် တစ်ထောင်ကျော် ပညာသင်ယူခွင့် ဆုံးရှုံးသွားခဲ့ကြောင်း ယခင်က သင်ကြားပေးနေသော ဆရာများထံမှ သိရသည်။
Ref: Thai Post