စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ယနေ့ (ဩဂုတ်လ ၁၅) တွင် ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ရနောင်းလဝကရုံးက ထုတ်ပြန်သည်။
နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၉၉ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ကိုးကြိမ်မြောက်ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၁၃၇၈ ဦး ရှိလာပြီဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ ၂၅ ရက်နေ့က ၁၃၁ ဦး၊ ဇွန်လ ၃၀ ရက်နေ့က ၉၈ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှု အကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့ပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦး အထိ ပြန်လည်ပို့ဆောင်ခဲ့သည်။
နေရပ်ပြန်ပို့စဉ် ရနောင်းခရိုင် လဝကအရာရှိများနှင့်အတူ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးဇော်လည်း တက်ရောက်ခဲ့သည်။
နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်းဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီကလည်း နေရပ်ပြန်လည် ပို့ဆောင်လာသူများကို စစ်မှုထမ်းအသက်တွင် အကျုံးဝင်ပါက ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရသူများထံမှ သိရသည်။