သတိပေးချက်
September 25, 2025

ဘဏ်အကောင့်များစွာ ပိတ်သိမ်းခံရဖို့ရှိဟု ထိုင်းဗဟိုဘဏ်ဆို၊ ဘဏ်အကောင့်ဖွင့်ထားသူများ စိုးရိမ်မှုမြင့်တက်

September 15, 2025

September 15, 2025
ပုံစာ - ဘန်ကောက်မြို့ရှိ ဘန်ကောက်ဘဏ်

ထိုင်းနိုင်ငံအတွင်း အွန်းလိုင်းငွေကြေးလိမ်လည်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ၎င်းတို့နှင့် ဆက်စပ်နေသော ဘဏ်အကောင့်များကို စုံစမ်းစစ်ဆေးနေသဖြင့် ဘဏ်အကောင့်များစွာ ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်က စက်တင်ဘာလ ၁၃ ရက်နေ့က သတိပေးထားသည်။

အွန်းလိုင်းငွေလိမ်ခံရသူများအတွက် ဆုံးရှုံးသွားသော ငွေများ ပြန်လည်ရယူနိုင်ရေးနှင့် ငွေလိမ်အကောင့်များကို ခြေရာခံနိုင်ရေး သက်ဆိုင်ရာဘဏ်လုပ်ငန်းများနှင့် ထိုင်းဗဟိုဘဏ်က ပူးပေါင်းကာ အွန်လိုင်းငွေကြေးလိမ်လည်မှု ပပျောက်ရေးအတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဗဟိုဘဏ် လက်ထောက်အုပ်ချုပ်ရေးမှူး Daranee Saeju က ပြောသည်။

လက်ရှိတွင် ငွေလိမ်အကောင့်များနှင့် ငွေအလွှဲအပြောင်း ဆက်စပ်မှုရှိနေသော ဘဏ်အကောင့်များစွာကိုလည်း ပိတ်ပင်ထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်က အသိပေးထားသည်။

အပိတ်ခံရသော ဘဏ်အကောင့်များနှင့် ပက်သက်၍ ငွေအလွှဲအပြောင်း သက်သေအချက်အလက်များကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ငွေများကိုလည်း ပိုင်ရှင်များထံ အမြန်ဆုံးပြန်လည်ပေးနိုင်ရေးနှင့် အကောင့်များ ပြန်လည်ရရှိရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသည်။

စုံစမ်းစစ်ဆေးနေဆဲကာလအတွင်း သာမာန်ပြည်သူများကြား သက်ရောက်မှု ပိုများနိုင်သဖြင့် အကောင့်များကို ငွေလိမ်အကောင့်များနှင့် ဆက်စပ်မှုရှိမရှိ တင်းတင်းကျပ်ကျပ်စစ်ဆေးနေဆဲဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားထားသည်။

လက်ရှိ ဘဏ်အကောင့် အပိတ်ခံထားရသူများတွင် မြန်မာနိုင်ငံသားများအပြင် ထိုင်းနိုင်ငံသားများလည်း ပါဝင်လာသဖြင့် စိုးရိမ်မှု မြင့်တက်နေသလို ဝေဖန်မှုလည်း မြင့်တက်နေကြောင်း သုံးစွဲသူ မြန်မာနိုင်ငံသားများနှင့် ထိုင်းသတင်းများအရ သိရသည်။

အပိတ်ခံရမှု အများဆုံးဘဏ်မှာ Bangkok Bank (ဘန်ကောက်ဘဏ်) ဖြစ်ပြီး ထိုင်းနိုင်ငံထဲ အလုပ်လုပ်နေသူများ (Non LA၊ Non O) နှင့် ကျောင်းတက်နေသူများလည်း ပါဝင်နေကြောင်း မြန်မာနိုင်ငံသားများထံမှ သိရသည်။

အများစုသည် တစ်လနီးပါးအကြာ ရပ်နားခံရဆဲဖြစ်ပြီး လက်ရှိအချိန်အထိ ဘဏ်အကောင့်များ ပြန်လည်သုံးစွဲခွင့် မရသေးသလို ဘဏ်အကောင့်ထဲက ငွေကြေးများလည်း ပြန်လည်ထုတ်ယူခွင့် မရှိသေးကြောင်း ဘန်ကောက်ဘဏ် ပိတ်ခံထားရသော မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

“အခုထိ (ငွေတွေ) ထုတ်လို့မရဘူး။ သူတို့တောင်းတဲ့ အထောက်အထား အကုန်တင်ပြပြီးမှ ဖွင့်ပေးမယ်တဲ့။ အစ်မက အကောင့်ထဲမှာတော့ အများကြီးမရှိပါဘူး။ ဒါပေမဲ့ လစာက အဲအကောင့်ကိုပဲ လွှဲပေးတာဆိုတော့ အဲလိုပိတ်ခံထားရတာ လုံးဝအဆင်မပြေဘူး” ဟု ထိုင်းနိုင်ငံတကာကျောင်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာတစ်ဦးက ဆိုသည်။

လက်ရှိတွင် ကျောင်းသားအချို့လည်း ဘဏ်အကောင့် အပိတ်ခံထားရသဖြင့် ကျောင်းလခများ သွင်း၍ မရကြဘဲ ဖြစ်နေကြောင်း ၎င်းက ပြောသည်။

ဘန်ကောက်ဘဏ် အပိတ်ခံရသူများတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများလည်း ပါဝင်နေသဖြင့် ဘဏ်ထဲ ထားရှိထားသော ငွေကြေးများ ဆုံးရှုံးသွားမည်ကိုလည်း စိုးရိမ်ကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

ဘဏ်အကောင့် အပိတ်ခံရသဖြင့် သက်ဆိုင်ရာ ဘဏ်ခွဲများသို့ သွားရောက်စုံစမ်းရာတွင်လည်း ဘဏ်ဝန်ထမ်းများက တိတိကျကျ ဖြေပေးနိုင်ခြင်းမရှိသဖြင့် ပိုမိုစိုးရိမ်နေကြောင်း မဲဆောက်ရှိ မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ Data တွေကို ရုံးချုပ်ပို့ထားတယ်တဲ့။ ပြန်စိစစ်ပြီးမှ သုံးရရင်ရမယ်၊ မရရင် မရဘူးပေါ့ အဲလိုပြန်ပြောတယ်။ ကိုယ့်ပိုက်ဆံနဲ့ သူများ အပြောခံနေရတဲ့ ဘဝလို ဖြစ်နေပြီ” ဟု တစ်လနီးပါး အပိတ်ခံထားရသော မြန်မာနိုင်ငံသားက ဆိုသည်။

ဘဏ်အကောင့် အပိတ်ခံရမှုများတွင် မြန်မာနိုင်ငံသားများအပြင် ထိုင်းနိုင်ငံသား ဈေးသည်အများစုလည်း ကြုံတွေ့လာရသဖြင့် လက်ရှိတွင် ငွေသားများဖြင့် ရောင်းဝယ်နေကြသလို ဘဏ်မှ စကင် (Scan) ဖြင့် ငွေပေးချေမှုကို ရပ်နားထားရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြနေကြသည်။

ငွေကြေးလိမ်လည်သူများက နည်းစနစ်ကျကျ လမ်းဘေးဈေးသည်များတွင် ဝယ်ယူထားသဖြင့် ထိုင်းနိုင်ငံသားအချို့လည်း ဘဏ်အကောင့်ပိတ်ခံရမှုတွင် ဆက်စပ်၍ ပါနေခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တစ်မနက်တည်းတွင်ပင် တိုင်ကြားမှု ၇၀၀ အထိ ရရှိနေသဖြင့် ဘဏ်အကောင့်များ အမြန်ဆုံး ပြန်လည်ရရှိရန် လုပ်ဆောင်ပေးနေကာ စိတ်အေးအေးထားကြရန် ထိုင်းအစိုးရက ကြေညာထားသည်။

လက်ရှိတွင် ဘဏ်အကောင့် ပိတ်သိမ်းခံရပါက 1441 နှင့် 095-425-7478 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

Ref: Bangkok Post, The Nation Thailand