သတိပေးချက်
ထိုင်းတွင် ရက် ၅၀ အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာ ၆၅၀ ကျော် ဖမ်းဆီးခံရ
January 11, 2025

ထိုင်းတွင် မြန်မာနှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်၍ ကားနှင့်ရွှေများယူပြေးသည့် မြန်မာများကို ဖမ်းမိ

November 15, 2024

November 15, 2024

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်တွင် မြန်မာနှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ကာ ရွှေ၊ငွေကြေးနှင့် ကားများကို လုယက်ထွက်ပြေးသွားသည့် မြန်မာနိုင်ငံသား ၃ ဦးကို မဲဆောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညက မဟာချိုင်ဒေသတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၃ ဦးက ရတ်ချ်ဘူရီခရိုင်သို့သွားရန် မြန်မာကားသမား ၃ ဦးထံက ပစ်ကပ်ကားနှစ်စီး ငှားရမ်းခဲ့ကြောင်း ပြန်လွတ်လာသည့် ကားသမားတစ်ဦး၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။

တစ်စီးလျှင် ဘတ်ငါးထောင်ဖြင့် ငှားရမ်းခဲ့သဖြင့် လိုက်ပါသွားခြင်းဖြစ်ကြောင်း ၎င်းကထွက်ဆိုထားသည်။

ကားမောင်းပြီး နာရီပိုင်းအကြာ စဝမ်ဖုန်ဒေသရှိ လမ်းကွေ့တစ်နေရာ ရောက်သောအခါ အရှေ့တွင်မောင်းနေ‌သော ကားထံမှ သေနတ်သံများ ကြားခဲ့ရပြီးနောက် ရပ်သွားခဲ့ကြောင်း ၎င်းက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်။

သေနတ်သံကြားပြီး မိနစ်ပိုင်းအကြာ ၎င်း၏ ကားတွင် လိုက်ပါလာသော ကားငှားသမားကလည်း သူ၏လည်ပင်းကို ဓါးထောက်ပြီး ရွှေဆွဲကြိုးနှင့် ဘဏ်စာရင်း လျှို့ဝှက်နံပါတ်များကို တောင်းခံခဲ့ကြောင်း၊ ယင်းနောက် အင်္ကျီချွတ်ခိုင်း၍ ကားပေါ်က ကန်ချခဲ့ကာ ကားငှားလာသော မြန်မာနိုင်ငံသားက ရွှေ၊ ငွေများယူ၍ ကားမောင်း ထွက်ပြေးသွားခဲ့ကြောင်း ၎င်းက ထွက်ဆိုသည်။

အသက်ဘေးက လွတ်မြောက်သွားသည့် ယာဉ်မောင်းက အနီးရှိ အခြားသူတစ်ဦး၏ အကူအညီဖြင့် ဇနီးဖြစ်သူကို ဖုန်းဆက်အကြောင်းကြားကာ စဝမ်ဖုန်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းနှင့်အတူ ကားငှားလိုက်လာသော ကိုအောင်ဆန်းဝင်းနှင့် ကိုဇော်ဇော်တို့နှစ်ဦးကိုမူ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက် ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။

တစ်ဦးက ဝမ်းဗိုက်နှင့် ဦးခေါင်းကို ပစ်သတ်ခံထားရပြီး ၎င်းနှင့်အတူ ပန်းရောင်ကတ်နှင့် ယာဉ်မောင်းလိုင်စင်များကို အနီးတွင်တွေ့ရကြောင်း၊ နောက်တစ်ဦးမှာ နောက်ကျောတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

သေဆုံးသူများ၏ မိသားစုဝင်များကလည်း သေဆုံးသူများသည် နိုဝင်ဘာ ၁၃ ရက်နေ့ညက ကားအငှားလိုက်သွားရာမှ အဆက်အသွယ်မရဘဲ ပြတ်တောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့သို့ ထွက်ဆိုခဲ့သည်။

ရဲတပ်ဖွဲ့ကလည်း လူသတ်သမားများ ထွက်ပြေးသွားသော ကားလမ်းကြောင်းကို CCTV မှတ်တမ်းများက ခြေရာခံစစ်ဆေးခဲ့ပြီးနောက် နိုဝင်ဘာလ ၁၄ ရက်နေ့က မဲဆောက်မြို့တွင် လူသတ်သမားဟု သံသယရှိသော မြန်မာနိုင်ငံသား သုံးဦးကို လုယက်လာသော ကားနှစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

သံသယရှိသူများသည် အသက် ၂၇ နှစ်မှ ၃၉ နှစ်ကြား အရွယ်များဖြစ်ကြပြီး ၎င်းတို့ကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် စဝမ်ဖုန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Bangkok Post, Thairath, MGR online, Matichon Online