သတိပေးချက်
December 23, 2024

ထိုင်းသံရုံးက အလည်အပတ်ဗီဇာ တင်းကျပ်သဖြင့် တနင်္သာရီတိုင်းထဲက အေးဂျင့်အချို့ ဗီဇာဝန်ဆောင်မှုရပ်

November 15, 2024

November 15, 2024
ဓာတ်ပုံ - AFP

ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာသံရုံးတွင် အလည်အပတ် (Tourist Visa) နှစ်လဗီဇာလျှောက်ထားရာတွင် နိုဝင်ဘာလ ပထမအပတ်ကစတင် တင်းကျပ်လာသည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ အေးဂျင့်အချို့က ဗီဇာဝန်ဆောင်မှု ရပ်ဆိုင်းလိုက်ကြောင်း စုံစမ်းသိရသည်။

ဗီဇာလျှောက်ထားရာတွင် ကာယကံရှင်ကိုယ်တိုင်အား လူတွေ့အင်တာဗျူးမေးမြန်းပြီးမှ ထိုင်းသံရုံးက ဗီဇာထုတ်ပေး တော့ကြောင်း အေးဂျင့်အသိုင်းအဝိုင်းထံမှ သိရသည်။

ထိုင်းနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့်သွားပြီး ပြန်မလာကြသူများလာသည့်အတွက် ယင်းကဲ့သို့ တင်းကျပ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း အေးဂျင့်အချို့က ဆိုသည်။

ယင်းကဲ့သို့ တင်းကျပ်လိုက်ခြင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယခင်ကမူ ဗီဇာလျှောက်ထားသူ၏ နိုင်ငံကူးလက်မှတ်၊ ဘဏ်တွင် ငွေအပ်နှံထားကြောင်း အထောက်အထား စသည့် အချက်အလက်များပြည့်စုံပါက သံရုံးသို့ လူကိုယ်တိုင်သွားစရာမလိုဘဲ အေးဂျင့်များကတစ်ဆင့် လျှောက်ထား၍ ရနေကြောင်း တနင်္သာရီတိုင်းအတွင်းရှိ ဗီဇာအေးဂျင့်တစ်ဦးက ဆိုသည်။

“အရင်က လူမလိုက်ရဘူး။ ပစ္စည်း (စာရွက်စာတမ်း အချက်အလက်) စုံရင် လျှောက်လို့ရပြီ။ အခုက လူကိုယ်တိုင်ပါမှ ရတယ်။ ထွက်သွားသူတွေက နိုင်ငံထဲပြန်မဝင်လာကြတော့ဘူး။ ဒါကြောင့်တင်းကျပ်လိုက်တာ” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ဗီဇာဝန်ဆောင်မှု ရပ်ဆိုင်းထားပြီး ဗီဇာလျှောက်သူများကို ငွေပြန်အမ်းနေရကြောင်း တိုင်းအတွင်းရှိ အခြားအေးဂျင့်တစ်ဦးက ပြောဆိုသည်။

“အဆင်မပြေဖြစ်သွားတဲ့အတွက် ရက်ချိန်းတင်ထားသူတွေကို အားနာတယ်။‌ အခုတော့ဝန်ဆောင်မှုကို ရပ်နားထားလိုက်ပြီ” ဟု ၎င်းက ပြောသည်။

ယခင်က အလည်အပတ်ဗီဇာလျှောက်ထားရာတွင် မိမိဘဏ်အကောင့်အတွင်း ကျပ်သိန်းနှစ်ဆယ်အပ်နှံထားကြောင်း ဘဏ်က ထုတ်ပေးသည့်အထောက်အထား ပြနိုင်ပါက အေးဂျင့်များက (အပြီးအစီး) ငွေကျပ်လေးသိန်းခွဲယူနေပြီး ဘဏ်အထောက်အထား မပြနိုင်ပါက ခုနစ်သိန်းခွဲကျပ် ယူကြောင်း အေးဂျင့်အချို့ထံမှ သိရသည်။

အေးဂျင့်အချို့ကမူ သံရုံးသို့ တရားဝင်ပေးသွင်းရသည့် အမေရိကန်ဒေါ်လာ ၄၀ နှင့် ဝန်ဆောင်ခအဖြစ် ဒေါ်လာ ၂၀ ယူနေကြသူများလည်း ရှိသည်။

လက်ရှိတွင် ထိုင်းသံရုံးက လူတွေ့အင်တာဗျူးလုပ်ပြီးမှ ဗီဇာထုတ်ပေးမည်ဟု တင်းကျပ်လိုက်သည့်အတွက် လမ်းစရိတ်၊ ရန်ကုန်တွင်နေထိုင်ရမည့်စရိတ်နှင့် မလုံခြုံမှုများကြောင့် တရားမဝင်လမ်းကသွားသူ ပိုများလာနိုင်ကြောင်း လတ်တလောတွင် ဗီဇာလျှောက်ထားသည့် တနင်္သာရီတိုင်းနေ လူငယ်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက လူငယ်များကို အဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် မလုံခြုံခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် လူငယ်အများအပြားက အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများကို အစုလိုက်အပြုံလိုက် ထွက်ခွာနေကြသည်။

ထိုင်းနိုင်ငံတွင်လည်း တရားဝင်အထောက်အထားမရှိသူများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး အဖမ်းခံရသူများကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်နေသည်။

မြန်မာနိုင်ငံသားများအပါအဝင် တရားမဝင်ရောက်နေသည့် နိုင်ငံခြားသားများကို ယာယီ နေထိုင်အလုပ်လုပ်ခွင့် အထောက်အထားလုပ်ပေးမည်ဟု ထိုင်းအစိုးရအဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလက ထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်အထိ လုပ်ပေးခြင်းမရှိသေးပေ။