ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တယားကမ်းခြေရှိ Walking Street တွင် မြန်မာနိုင်ငံသားအများစုပါဝင်သော လူငယ်အချင်းချင်း အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ခဲ့ပြီး ကိုးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မတ်လ ၁၅ ရက် ည ၁၁ နာရီခွဲခန့်က အဆိုပါလမ်းပေါ်ရှိ Siam Bayshore ဟိုတယ်ရှေ့တွင် လူငယ် ၂၀ ခန့် လက်နက်များ ကိုင်ဆောင်၍ ခိုက်ရန်ဖြစ်နေသည်ဟု ရဲတပ်ဖွဲ့က တိုင်ကြားချက်ရရှိကြောင်း ဆိုသည်။
ယင်းနေရာသည် ခရီးသွားအများစု လာလည်သည့်နေရာဖြစ်သဖြင့် ရဲတပ်ဖွဲ့က ချက်ချင်း သွားရောက်စစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့ရောက်ရှိချိန် လူငယ်အုပ်စုနှစ်စု လက်နက်များကိုင်ဆောင်၍ ရန်ဖြစ်နေကြကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့က ရန်ပွဲကို ချက်ချင်းနှိမ်နင်းခဲ့စဉ် လူငယ်အများစုက ရုန်းရင်းဆန်ခတ်ဖြစ်၍ ခရီးသွားများကြား ထွက်ပြေးကြပြီး ၎င်းတို့အနက် လူငယ် ကိုးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသားနှစ်ဦး၊ ကရင်လူမျိုး သုံးဦးပါဝင်ကြောင်း ဖော်ပြပြီး ကရင်လူမျိုးသုံးဦးမှာ ထိုင်းကရင် သို့မဟုတ် မြန်မာနိုင်ငံက ကရင်လူမျိုး စသဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်ကို မတွေ့ရပေ။
ဖမ်းဆီးခံရသူ ကျန်လေးဦးကိုလည်း မည်သည့်နိုင်ငံသားများဖြစ်သည်ကို အတည်ပြုနေဆဲဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူများနှင့်အတူ ဓါးနှစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။
ရန်ပွဲထဲတွင် လူငယ် ၂၀ ခန့် ပါဝင်ပြီး အများစုသည် မြန်မာနိုင်ငံသားများဖြစ်သည်ဟု မြန်မာနိုင်ငံသားတစ်ဦးက ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုကြောင်း ဖော်ပြသည်။
၎င်းတို့နှစ်ဖွဲ့သည် မကျေနပ်ချက်များကို ဖြေရှင်းရန် ဟိုတယ်ရှေ့တွင် စုဝေးရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
နှစ်ဖက်သည် ပြေလည်ရန် ညှိနှိုင်းနေစဉ် ရဲတပ်ဖွဲ့က ရောက်ရှိလာပြီးနောက် အားလုံးသည် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထွက်ပြေးခဲ့ကြကြောင်း ထွက်ဆိုထားသည်ဟု ဖော်ပြသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများနှင့်အတူ လက်နက်များကို သိမ်းဆည်း၍ ပတ္တယားရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကာ နောက်ထပ် ကျန်ရှိသူများကိုလည်း ဆက်လက်ရှာဖွေဖမ်းဆီးမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ပတ္တယားဒေသသည် ခရီးသွားများစွာ လာလည်သော နေရာဖြစ်သဖြင့် ရန်ပွဲတွင် ပါဝင်သူများက ဒေသခံများကို မလေးစားရာ ရောက်နေရာ ကျူးလွန်သူများကို နေရပ်ပြန်ပို့ရန် ထိုင်းပြည်သူများက တောင်းဆိုထားသည်။
Ref: Khaosod English, Daily News, Pattaya News






