ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကာရာအိုကေဘားတစ်ခုတွင် မူးယစ်ဆေးဝါးသုံးထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
Srivara လမ်းပေါ်က Town in Town ဟိုတယ်ဘေးတွင် အမည်မရှိ ကာရာအိုကေဘားတစ်ခုကို ဩဂုတ်လ ၁၅ ရက် ညတွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။
ကာရာအိုကေဘားသည် တစ်ထပ်အဆောက်အအုံဖြစ်ပြီး အထဲတွင် ကာရာအိုကေအခန်း သုံးခန်းပါဝင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ကာရာအိုကေအခန်းထဲတွင် မြန်မာနိုင်ငံသား ၆၀ ဦးကို တွေ့ရှိခဲ့ပြီး တားမြစ်ထားသော မူးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိမရှိ စစ်ဆေးရာ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၄၁ ဦးတွင် မူးယစ်ဆေးသုံးစွဲထားသည်ကို တွေ့ရှိရကြောင်း ဆိုသည်။
မြန်မာနိုင်ငံသားများသည် မွေးနေ့ပါတီတစ်ခုအတွက် လာရောက်ကြခြင်းဖြစ်သည်ဟု ထွက်ဆိုထားပြီး အခန်းထဲတွင် တရားမဝင် အီးစီးကရက်နှင့် အခြားပစ္စည်းများကိုလည်း တွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
အဆိုပါကာရာအိုကေဘားသည် လိုင်စင်မရှိဘဲ ဖွင့်ထားသည်ကို တွေ့ရသဖြင့် ဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသားကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
တားမြစ်ထားသော မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပက်သက်၍ အသေးစိတ်သိရှိနိုင်ရန် မြန်မာနိုင်ငံသားများ၏ ဆီးနမူနာကို ဆေးရုံသို့ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
မြန်မာ ၄၀ ကျော် မည်သည့်မူးယစ်ဆေး သုံးစွဲထားသည်ကို သတင်းများတွင် ဖော်ပြထားခြင်းမရှိသဖြင့် မသိရသေးပေ။
ဖမ်းဆီးခံရသော ဆိုင်ပိုင်ရှင်နှင့်အတူ မြန်မာနိုင်ငံသားများကို ဝမ်ထွန်လန်ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီး တားမြစ်ထားသော မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် အရေးယူထားကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Bangkok Post, PPTV HD, Khaosod