သတိပေးချက်
March 22, 2026

ဆံပင်ညှပ်သည့်အလုပ် လုပ်သဖြင့် မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး

September 16, 2024

September 16, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ကော့ဖငန်းကျွန်းတွင် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ပိုင်ခွင့်မရှိသော ဆံပင်ညှပ်သည့်အလုပ်ကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို စက်တင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကျွန်းပေါ်ရှိ အိမ်တစ်ဆောင်တွင် မြန်မာနိုင်ငံသားတစ်ဦး ဆံပင်ညှပ်နေကြောင်း တိုင်ကြားချက်ရရှိသဖြင့် ထိုင်းအာဏာပိုင်များက သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူသည် အသက် ၂၀ နှစ်အရွယ် ဝေယံကျော်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ၎င်းနှင့်အတူ ဆံပင်ညှပ်သည့် ပစ္စည်းကိရိယာများကိုပါ တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါမြန်မာနိုင်ငံသားသည် ပွဲစားကို ဘတ် ၂၀၀၀၀ ပေးချေ၍ ထိုင်း-မြန်မာနယ်စပ် ရနောင်းလမ်းကြောင်းမှ ဝင်ရောက်လာခဲ့သူဖြစ်ပြီး လက်ရှိ အလုပ်လုပ်ခွင့်လက်မှတ်မရှိသေးကြောင်း ရဲတပ်ဖွဲ့ကို ထွက်ဆိုထားသည်။

ကော့ဖငန်းကျွန်းပေါ်တွင် နေထိုင်ပြီး ဆံပင်ညှပ်အလုပ်ကို လုပ်ကိုင်နေသည်မှာ ၁ လကျော်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများကို အွန်လိုင်းမှတစ်ဆင့် အလုပ်လက်ခံကာ အိမ်တိုင်ရာရောက် သွားညှပ်ပေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်။

၎င်းသည် Hair Cut Wai Yan Kyaw အမည်ဖြင့် ကော့ဖငန်းအလုပ် Facebook Group များတွင် ဝင်ရောက်ကြေညာလေ့ရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဆံပင်တစ်ခါညှပ်လျှင် ဘတ် ၃၀၀ ကစပြီး တစ်ရက်လျှင် ဘတ် ၁၀၀၀ မှ ၂၀၀၀ အထိ ရရှိနေကာ တစ်လလျှင် ဘတ် ၃၀၀၀၀ မှ ၄၅၀၀၀ အထိ ရရှိနေကြောင်း မြန်မာနိုင်ငံသားက ဝန်ခံထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံသားကို ရွှေ့ပြောင်းအလုပ်သမားများ လုပ်ပိုင်ခွင့်မရှိသော အလုပ်ကို ဝင်ရောက်လုပ်ကိုင်မှုနှင့် တရားမဝင် ဝင်ရောက်လာမှုဖြင့် အရေးယူထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်၊ ဈေးရောင်း၊ ခရီးသည်ကြိုပို့ စသော တားမြစ်ထားသော လုပ်ငန်းများကို လုပ်ပိုင်ခွင့်မရှိပေ။

အကယ်၍ တရားမဝင် ဝင်ရောက်လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်သည်။

Ref: Khaosod Online, CH 7 New HD