သတိပေးချက်
September 25, 2025

ကော့ဖငန်းကျွန်းတွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းသဖြင့် မြန်မာအမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

September 16, 2025

September 16, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စက်တင်ဘာလ ၁၅ ရက်နေ့က ကော့ဖငန်းကျွန်း ဘန်တိုင်းဒေသရှိ အိမ်ထဲတွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချနေသဖြင့် လူငယ်များ၊ နိုင်ငံခြားသားများ၊ မြန်မာအလုပ်သမားများ နေ့စဉ် လာရောက်စုဝေးနေသည်ဟု သတင်းပေးတိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ကော့ဖငန်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ် အိမ်သည် စတိုးဆိုင်ပုံစံပြုလုပ်ထားပြီး အိမ်ထဲတွင် အသက် ၂၇ နှစ်အရွယ် မသန္တာနှင့် အသက် ၃၁ နှစ်အရွယ် မမြတ်နိုးဝေတို့က ဘိန်းစာရွက်ပြုတ်ရည်များ ရောင်းချရန် အိတ်များဖြင့်ထည့်နေကြောင်း တွေ့ရှိရဟုဆိုသည်။

အိမ်အနောက်ကို ထပ်မံစစ်ဆေးရာ ဘိန်းစာရွက်ပြုတ်ရာတွင် သုံးသော ဂတ်စ်မီးဖို၊ အိုး၊ ဘိန်းစာရွက်ပြုတ်ရည်၊ အရွက်နှင့် ပြုတ်ရည်ထဲ ထည့်စပ်သော ချောင်းဆိုးပျောက်ဆေးကိုလည်း တွေ့ရသဖြင့် သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောဆိုချက်ကို သတင်းတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများက ထိုင်းအလုပ်ရှင်တစ်ဦးထံတွင် အလုပ်လုပ်နေကြောင်း ဝန်ခံခဲ့သဖြင့် ထိုင်းအလုပ်ရှင်နှင့်အတူ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

ဆိုင်ထဲတွင် ဘိန်းစာရွက်ပြုတ်ရည်များကို ထိုင်းနှင့် နိုင်ငံခြားသားများထံ ရောင်းချနေပြီး တစ်ရက် ဘတ် ၁၀၀၀၀ ခန့် ဝင်ငွေရှိကြောင်း ဝန်ခံထားသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသားကို တရားမဝင် နိုင်ငံခြားသား အလုပ်ခန့်ထားမှု၊ ဘိန်းစာရွက်ကို တရားမဝင် ရောင်းဝယ်မှု၊ ချောင်းဆိုပျောက်ဆေးကို ခွင့်ပြုချက်မရှိဘဲ ရောင်းဝယ်မှုဖြင့် အမှုဖွင့်ထားသည်။

မြန်မာနိုင်ငံသားများကိုမူ တရားမဝင် ဝင်ရောက်လာမှု၊ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုများဖြင့် အမှုဖွင့်ထားသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကတည်းက ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချခြင်းသည် တရားမဝင်ကြောင်း ကြေညာထားသည်။

ထို့အပြင် ယခုစက်တင်ဘာလအစောပိုင်းတွင် ဘိန်းစာရွက်ကို ကျောင်း၊ တက္ကသိုလ် စသော ပညာရေးအဆောက်အဦ၏ မီတာ ၁၀၀၀ အကွာတွင် ရောင်းချခြင်းကိုလည်း ထပ်မံ ကန့်သတ်ထားသည်။

Ref: MGR Online, Khaosod