သတိပေးချက်
December 22, 2024

ကော့စမွေ မြေပြိုမှုတွင် ပျောက်နေသော မြန်မာနှစ်ဦး၏ အလောင်းများတွေ့

December 16, 2024

December 16, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်း မြေပြိုရာတွင် ပျောက်ဆုံးနေသော မြန်မာအလုပ်သမားနှစ်ဦး၏ အလောင်းကို ယမန်နေ့ (ဒီဇင်ဘာ ၁၅) ည ၆ နာရီအချိန်ခန့်က မြေကြီးများအောက်တွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

သေဆုံးသူများသည် အသက် ၃၉ နှစ်အရွယ် ကိုမိုးစက်နှင့် အသက် ၁၉ နှစ်အရွယ် ကိုအောင်ကိုအမည်ရှိ မြန်မာအလုပ်သမားနှစ်ဦး ဖြစ်သည်။

သေဆုံးသူများ၏ မြန်မာနိုင်ငံဇာတိကို စုံစမ်းနေဆဲဖြစ်သဖြင့် မသိရသေးပေ။

ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က လမိုင်းဒေသ ဟီမထွန်းလမ်းရှိ ဆောက်လုပ်ရေးဆိုဒ်ထဲက အလုပ်သမားအဆောင်ဘက်တွင် မြေပြိုမှုဖြစ်ခဲ့ခြင်းဖြစ်သည်။

မြေပြိုမှုကြောင့် အဆောင်ထဲရှိနေသော မြန်မာအလုပ်သမားနှစ်ဦး မြေကြီးအောက် ပျောက်ဆုံးခဲ့သဖြင့် လမိုင်းကယ်ဆယ်ရေးအဖွဲ့များက ဆက်တိုက် ရှာဖွေနေခြင်းဖြစ်သည်။

သို့သော်လည်း မိုးအဆက်မပြတ်ရွာပြီး မြေပြိုမှုများ ပြန်ဖြစ်လာနိုင်သဖြင့် ကယ်ဆယ်ရေးနှောင့်နှေးခဲ့ကြောင်း၊ ယင်းနေ့ ည ၆ နာရီအချိန်ခန့်တွင်မှ အလောင်းများကို ပြန်လည်တူးဖော်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကော့စမွေတွင် ဒီဇင်ဘာ ၁၄ ရက်နေ့ကတည်းက မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး ၂၄ နာရီအတွင်း မိုးရေချိန် ၂၀၀ မီလီမီတာကျော်အထိ ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယနေ့ (ဒီဇင်ဘာ ၁၆) အထိ မိုးရွာသွန်းနေဆဲဖြစ်ပြီး ကျွန်းပေါ်တွင် နေရာအနှံ့ရေကြီးနေကာ မြေပြိုမည့် အန္တရာယ်များကိုလည်း သတိထားကြရန် ညွှန်ကြားထားသည်။

Ref: Samui Fresh News, The Thaiger