သတိပေးချက်
December 22, 2024

စစ်ကောင်စီက ဖမ်းထားသည့်ထိုင်းနှင့်မြန်မာ ရေလုပ်သားများကို ထောင်လေးနှစ်စီချ

December 16, 2024

December 16, 2024

ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံခဲ့ရသည့် ထိုင်းနှင့်မြန်မာ ရေလုပ်သားသုံးဆယ်ကျော်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ်လေးနှစ်စီနှင့် ဒဏ်ငွေများချမှတ်ခဲ့ကြောင်း တံငါသည်များ အခွင့်အရေးကွန်ရက်နှင့် ရေလုပ်သားမိသားစုဝင် အချို့ထံမှ သိရသည်။

မြန်မာရေလုပ်သား ၂၇ ဦးနှင့် ထိုင်းရေလုပ်သား ၄ ဦးကို ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ကော့သောင်းမြို့ရှိ တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့က ထိုင်း-မြန်မာရေစပ် တနင်္သာရီတိုင်း ဇာဒက်ကြီးကျွန်းဝန်းကျင်ရှိ သံကျွန်းအနီးတွင် ထိုင်းငါးဖမ်းလှေ(ဝါတန်း) လေးစီးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် စစ်ကောင်စီတရားရုံးက ဖမ်းဆီးထားသည့် မြန်မာရေလုပ်သား ၂၇ ဦးနှင့် ထိုင်းရေလုပ်သား ၃ ဦးကို ထောင်ဒဏ် ၄ နှစ်စီနှင့် ဒဏ်ငွေအဖြစ် ဘတ်နှစ်သောင်း စီချမှတ်ခဲ့ကြောင်း ၎င်းတို့ကပြောသည်။

ထိုင်းလူမျိုး ငါးဆရာကိုမူ ထောင်ဒဏ် ၆ နှစ်နှင့် ဒဏ်ငွေအဖြစ် ဘတ်နှစ်သိန်း ချမှတ်လိုက်ကြောင်း တံငါသည်များ အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးရဲသွေးက ဆိုသည်။

ယခုဒီဇင်ဘာလကုန်တွင် ထိုင်းနိုင်ငံသား ၄ ဦးကို ပြည်နှင်ဒဏ်ပေးကာ ထိုင်းနိုင်ငံဘက် ပြန်လည်ပို့ဆောင်မည်ဟု သိရသော်လည်း အတည်မပြုနိုင်ကြောင်း ဦးရဲသွေးက ဆိုသည်။

အဆိုပါရေလုပ်သားများကို မည်သည့်ဥပဒေပုဒ်မဖြင့် တရားစွဲဆိုပြီး အမိန့်ချခဲ့သည်ကိုမူ မသိရသေးပေ။

လက်ရှိတွင် ရေလုပ်သားများကို ယင်းကဲ့သို့အမိန့်ချလိုက်ခြင်းမှာ တရားမျှတမှုမရှိသော်လည်း ငြင်းဆန်၍မရတော့ကြောင်း ရေလုပ်သားတစ်ဦး၏ မိသားစုဝင်က ပြောသည်။

“အမိန့်ချတာ တော်တော်မြန်တယ်။ ဒီနေ့ညနေကပဲ နှစ်မိုင်အချုပ်ကနေ ကိုးမိုင်ကထောင်ကို ပို့လိုက်တယ်လို့ ကြားရတယ်”ဟု အဆိုပါ မိသားစုဝင်က ပြောသည်။

ထိုင်းအလုပ်ရှင် သို့မဟုတ် ထိုင်းအစိုးရအနေဖြင့် ထောင်ချခံရသည့် မြန်မာရေလုပ်သားများ၏ လုပ်ခလစာကို မိသားစုဝင်များထံ လစဉ်ပုံမှန်ထောက်ပံ့ ပေးစေလိုကြောင်း ၎င်းက ပြောသည်။

တံငါသည်များ အခွင့်အရေးကွန်ရက်အနေဖြင့် အဖမ်းခံရသည့် ရေလုပ်သားများ၏ မိသားစုဝင်များ လစာပုံမှန်ဆက်လက်ရရှိရေး အတွက် ထိုင်းနိုင်ငံတာဝန်ရှိသူများကို တောင်းဆိုသွားမည်ဖြစ်ကြောင်း ဦးရဲသွေးက ဆိုသည်။