သတိပေးချက်
February 17, 2026

ဘန်ကောက်တွင် အမေရိကန်တစ်ဦး အသတ်ခံရမှု မြန်မာလေးဦး ဖမ်းဆီးခံရ

February 17, 2026

February 17, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အမေရိကန်နိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဘန်ကောက်မြို့၊ စူစဝပ် ၂၆ လမ်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်က အသက် ၅၅ နှစ်အရွယ် အမေရိကန်နိုင်ငံသားတစ်ဦး ဓားဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။

ရုပ်အလောင်းတွင် ရိုက်နှက်ထားသည့် ပုံစံကို တွေ့ရပြီး ခြေထောက်နှစ်ဖက်စလုံး ကျိုးနေသည်ကို တွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။

အဆိုပါ အမေရိကန်နိုင်ငံသားသည် ချစ်သူဖြစ်ခဲ့ဖူးသူ မြန်မာနိုင်ငံသား အမျိုးသမီးနှင့် ပြန်ပေါင်းလိုသဖြင့် မကြာခဏ လာရောက် နှောင့်ယှက်လေ့ရှိကြောင်း မြန်မာနိုင်ငံသားများက ထွက်ဆိုသည်ဟု ဆိုသည်။

မြန်မာအမျိုးသမီးကလည်း အမေရိကန်နိုင်ငံသားနှင့် ပြဿနာဖြစ်မည်စိုး၍ လမ်းခွဲထားခြင်းဖြစ်ပြီး အစ်ကိုဖြစ်သူများထံသို့ လာရောက်ခိုလှုံနေခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

အမေရိကန်နိုင်ငံသားသည် မြန်မာအမျိုးသမီးထံ ရောက်လာချိန်တိုင်းတွင် အမျိုးသမီး၏ အစ်ကိုဖြစ်သူအပါအဝင် မြန်မာနိုင်ငံသား သူငယ်ချင်းများနှင့် အမေရိကန်နိုင်ငံသားတို့ စကားများ ရန်ဖြစ်လေ့ရှိကြောင်း ဆိုသည်။

အခင်းဖြစ်သော ဖေဖော်ဝါရီလ ၁၆ ရက်က အမေရိကန်နိုင်ငံသားသည် မြန်မာအမျိုးသမီးထံသို့ ဓားကိုင်ဆောင်၍ ထပ်မံရောက်ရှိလာခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းအချိန် မြန်မာအမျိုးသမီကို မတွေ့ရဘဲ အစ်ကိုဖြစ်သူအပါအဝင် မြန်မာနိုင်ငံသားလေးဦးနှင့် တွေ့ဆုံခဲ့သဖြင့် မြန်မာနိုင်ငံသားများက တုတ်၊ ဓါးများဆွဲ၍ ခိုက်ရန်ဖြစ်ခဲ့ကြကြောင်း ဖော်ပြသည်။

ခိုက်ရန်ဖြစ်မှုကြောင့် အမေရိကန်နိုင်ငံသားသည် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများကလည်း မိမိကိုယ်ကိုယ် ကာကွယ်လိုသဖြင့် ပြန်လည်တိုက်ခိုက်ခြင်းဖြစ်ပြီး သေဆုံးစေရန် ရည်ရွယ်ချက်မရှိခဲ့ကြောင်း ထွက်ဆိုထားသည်ဟု သတင်းများတွင် ဖော်ပြသည်။

ခိုက်ရန်ဖြစ်မှုတွင် မြန်မာနိုင်ငံသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

သေဆုံးခဲ့သော အမေရိကန်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများသည် အဆောင်တစ်ခုထဲတွင် အတူနေထိုင်သူများဖြစ်ကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံသား လေးဦးကို ဖမ်းဆီးထားပြီး လက်နက်ကိုင်ဆောင်၍ လူသေဆုံးစေမှုဖြင့် အမှုဖွင့်ထားကာ ဆက်လက် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Amarin TV, Matichon Online, CH 3