ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် မြန်မာနိုင်ငံသားအချင်းချင်း စကားများခဲ့ကြပြီးနောက် မီးရှို့သတ်ဖြတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ နံနက် ၂ နာရီခန့်တွင် စမွတ်ပရကန်မြို့ ဆောက်လုပ်ရေးတန်းလျားတစ်ခုတွင် မြန်မာနိုင်ငံသားများ အရက်သောက်ပြီး စကားများခဲ့ကြောင်း၊ ယင်းနောက် အသက် ၂၇ နှစ်အရွယ် ကိုထွန်းခိုင်အမည်ရှိ မြန်မာနိုင်ငံသားက ဆူပူကြိမ်းမောင်းပြီး အခန်းနံရံတွင် ကာထားသော သွပ်ပြားများကို ကန်နေကြောင်း နီးစပ်သူများ၏ ဖြေကြားချက်ကို ဖော်ပြသည်။
ယင်းအချိန် ကိုဝေလင်းစိုးက ညသန်းခေါင်ဖြစ်နေ၍ ကိုထွန်းခိုင်ကို ဆူပူမှု မလုပ်ရန် သွားရောက် တားမြစ်ခဲ့သော်လည်း ကိုထွန်းခိုင်က မရပ်တန့်ပဲ သွပ်နံရံများကို ကန်ကျောက်၍ တန်းလျားတစ်ခုလုံးကို မီးရှို့ဖျက်ဆီးမည်ဟု အော်ဟစ်နေခဲ့ဟုဆိုသည်။
ထို့ကြောင့် ကိုဝေလင်းစိုးက သည်းမခံနိုင်တော့သဖြင့် ကိုထွန်းခိုင်ကို အပြင်ခေါ်ထုတ်၍ ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့ကြောင်း ယင်းနောက် တုတ်ဖြင့် ဦးခေါင်းကို ရိုက်လိုက်၍ ယင်းဒဏ်ရာများဖြင့် နေရာတွင်ပင် မီးလောင်သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ကိုထွန်းခိုင်က တန်းလျားတစ်ခုလုံးကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်နေသဖြင့် စိုးရိမ်ပြီး သတ်လိုက်ခြင်းဖြစ်ကြောင်း ကိုဝေလင်းစိုးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။
လက်ရှိတွင် ကိုဝေလင်းစိုးကို လူသတ်မှုဖြင့် ကနဦး အမှုဖွင့်ထားသည်။
Ref: CH 7, CH 8, Workpoint 23






