သတိပေးချက်
March 17, 2026

ကော့စမွေတွင် မြန်မာလုပ်သားတစ်ဦး ရေတံခွန်ပေါ်မှ ပြုတ်ကျသေဆုံး

March 17, 2026

March 17, 2026

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် မြန်မာအလုပ်သမားတစ်ဦး ရေတံခွန်ပေါ်မှနေ၍ ခြေချော်ကြပြီး သေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မတ်လ ၁၅ ရက်နေ့ ညနေက ကော့စမွေကျွန်း မဲနမ်းဒေသရှိ ဘန်ခူစရီရေတံခွန်တွင် အသက် ၃၇ နှစ်အရွယ် ကိုချိုမင်းဦးအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦး ကျောက်တုံးများပေါ်က ခြေချော်ပြီး ချောက်ထဲသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။

ပြုတ်ကျသေဆုံးသွားသော မြန်မာအလုပ်သမားသည် ဇနီးဖြစ်သူနှင့်အတူ ရနောင်းမြို့မှ ကော့စမွေကျွန်းသို့ ပြောင်းလာပြီး ဒူးရင်းခြံတွင် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ၏ ဖြေကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။

အခင်းဖြစ်သောညနေက ဇနီးမောင်နှံနှစ်ဦးသည် ကလေးသုံးဦးနှင့်အတူ ရေတံခွန်သို့ လာရောက်လည်ပတ်ခဲ့ပြီး ကလေးငယ်တစ်ဦးက ရေထဲကျသွားသဖြင့် ဖခင်ဖြစ်သူက ဆင်းကယ်ခဲ့ကြောင်း၊ ကလေးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သော်လည်း ဖခင်ဖြစ်သူမှာ ကျောက်တုံးပေါ်မှ ခြေချော်သွားခဲ့ပြီး ချောက်နက်ထဲသို့ ပြုတ်ကျသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရသိရသည်။

အာဏာပိုင်နှင့် ကယ်ဆယ်ရေးအဖွဲ့များက အမြင့် ၃၀ မီတာခန့်ရှိသော ချောက်နက်ထဲသို့ ကြိုးများဖြင့် ဆင်း၍ အလောင်းကို ပြန်လည်ဆယ်ယူခဲ့ရကြောင်း၊ ညမှောင်နေပြီး ကျောက်တုံးများရှိနေ၍ အချိန် ၂ နာရီခန့်ကြာအောင် သတိထားကာ အလောင်းသယ်ယူခဲ့ရကြောင်း ဆိုသည်။

အလောင်းတွင် နဖူး၊ ဦးခေါင်းကွဲ ဒဏ်ရာများနှင့်အတူ ဒဏ်ရာများစွာ ရရှိနေသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

အလောင်းကို ဆယ်ယူပြီးနောက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး နောက်ပိုင်းတွင် မိသားစုဝင်များထံ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: CH 8, Bright TV