သတိပေးချက်
June 17, 2025

ထိုင်းတောင်ပိုင်းတွင် မြန်မာတစ်ဦး သေနတ်ကိုင်ဆောင်ထားသဖြင့် ဖမ်းဆီးခံရ

June 17, 2025

June 17, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါးခရိုင်တွင် သေနတ်ကိုင်ဆောင်ပြီး ရွာအတွင်း သွားလာနေသော မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားတစ်ဦးသည် လက်နက်တစ်ခုကို ကိုင်ဆောင်ထားပြီး ရွာအတွင်း သွားလာနေသည်ဟု ဒေသခံများက ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြား လာခြင်းဖြစ်သည်။

ယင်းကြောင့် ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲတွင် ရဲတပ်ဖွဲ့က ၎င်းနေထိုင်ရာ အခန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းအချိန်တွင် အဆိုပါမြန်မာနိုင်ငံသားမှာ ဘေးလွယ်အိတ်ကို လွယ်၍ အခန်းထဲက ထွက်လာသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ အိတ်ထဲတွင် ထိုင်းလက်လုပ်သေနတ်တစ်လက်နှင့် ကျည်ဆန်များကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားနှင့်အတူ လက်လုပ်သေနတ်၊ ကျည်ဆန်နှင့် သေနတ်အိတ်များကို ရဲတပ်ဖွဲ့က သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားသည် ကိုရိန်းအမည်ရှိသူဟုသာ ဖော်ပြထားပြီး အခြားအချက်အလက်များကို မသိရပေ။

မြန်မာနိုင်ငံသားကလည်း လက်လုပ်သေနတ်နှင့် ကျည်ဆန်များသည် အစစ်ဖြစ်ပြီး ဘတ် ၈၀၀ ခန့်ဖြင့် အခြားနေရာက ဝယ်ယူထားကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။

၎င်းကို စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့် ဗီဇာကျော်လွန်နေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားကို ခွန်ကလွန်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လက်နက်ကို တရားမဝင် ကိုင်ဆောင်မှု၊ လက်နက်ကိုင်ဆောင်ပြီး အများပြည်သူနေရာများသို့ သွားလာမှုနှင့် တရားမဝင် နေထိုင်မှုများဖြင့် အမှုဖွင့်ထားသည်။

Ref: Phuket News, FM 91