သတိပေးချက်
June 23, 2025

မလေးရှားသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ရှစ်ဦးအဖမ်းခံရ

August 17, 2022

August 17, 2022

မလေးရှားနိုင်ငံ စယ်လာရမ်းဒေသအနီးရှိ Kuala Lumpur wholesale market ပတ်ဝန်းကျင်တွင် မကြာသေးမီက တရားမဝင်လမ်းကြောင်းဖြင့် ရောက်ရှိလာသော မြန်မာအလုပ်သမား ရှစ်ဦးကို ယနေ့ (ဩဂုတ် ၁၇) တွင် ဖမ်းမိကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံအတွင်း လူနေတိုက်ခန်းများ၊ ဈေးဆိုင်များအတွင်း တရားမဝင် နေထိုင်လုပ်ကိုင် လျက်ရှိသော နိုင်ငံခြားသားများကို အော်ပရာစီစီမံချက်ဖြင့် ဝင်ရောက်ဖမ်းဆီးစစ်ဆေးရာမှ ယင်းသို့ ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။

အော်ပရာစီစီမံချက်မှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ရှာဖွေဖမ်းဆီးသည့် စီမံချက်ဖြစ်သည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများသည် အသက် ၂၀ မှ ၄၀ နှစ်အရွယ်ထိရှိပြီး (tekong) ဟုခေါ်သော လူမှောင်ခိုပို့သည့် မလေးရှားနိုင်ငံသား ပွဲစားတစ်ဦးကိုပါ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ကွာလာလမ်ပူ ဒုရဲမှူး Datuk Yahaya Othman က ပြောဆိုကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် ယနေ့ နံနက် ၅ နာရီခန့်ကတွင် မြို့တော် ကွာလာလမ်ပူသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့သည် မြောက်ပိုင်း ပင်နီစူလာဒေသမှတဆင့် ပွဲစားမှ ခေါ်ဆောင်လာခြင်းသည်ဟု ယုံကြည်ရကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံခဲ့ရသော မြန်မာလုပ်သားများအပါအဝင် မလေးရှားနိုင်ငံသား လူမှောင်ခိုပွဲစားကို တရားမဝင် လူမှောင်ခိုပို့ဆောင်မှု၊ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်နေထိုင်မှုတို့ဖြင့် စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

မလေးရှားနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမားများ အဖမ်းခံနေရပြီး အချို့မှာ မလေးရှားကို ရောက်သည်မှာ လေးရက် ငါးရက်ခန့်သာရှိသေးကြောင်း Myanmar Migrant Workers Committe- MMWC Malaysia အဖွဲ့ထံမှ သိရသည်။

အထောက်အထား မရှိသည့် နိုင်ငံခြားသား အလုပ်သမားများမှာ ထောင်ဒဏ် အနည်းဆုံး ၃ လမှ ၈ လအထိ ကျခံရနိုင်ကြောင်း ၎င်းအဖွဲ့ထံမှ သိရသည်။

Ref: New Straits Times, BERNAMA
Photo: My Metro