သတိပေးချက်
September 25, 2025

ဘန်ကောက်တွင် မြန်မာလုပ်သား ၆၀၀ အတွက် လုပ်အားခ ဘတ် ၇ သန်းနီးပါးမရ

September 17, 2025

September 17, 2025
ပုံစာ - လုပ်အားခမရသော အလုပ်သမားများကို WAG အဖွဲ့က ကူညီပေးနေစဉ်၊ ဓာတ်ပုံ - WAG

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၆၀၀ အတွက် လုပ်အားခ ဘတ် ၇ သန်းနီးပါး မရသဖြင့် ကူညီဆောင်ရွက်ပေးနေရကြောင်း WAG မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ဘန်ကောက်မြို့ ခေဒီကုမ္ပဏီ ဆောက်လုပ်ရေးဆိုဒ်များရှိ မြန်မာအလုပ်သမားများသည် ပြီးခဲ့သော ဇွန်လနောက်ပိုင်းမှစ၍ လုပ်အားခများ ပုံမှန် ရရှိခြင်းမရှိတော့ကြောင်း အဖွဲ့ထံမှ သိရသည်။

ယခုစက်တင်ဘာလတွင် လုပ်အားခ နှစ်လစာအထိ အလုပ်ရှင်က ရှင်းပေးခဲ့ခြင်းမရှိသဖြင့် ကူညီဖြေရှင်ပေးရန် WAG အဖွဲ့ကို စက်တင်ဘာလ ၁၆ ရက်နေ့က အကူအညီတောင်းခံခဲ့ကြောင်း အဖွဲ့ထံမှသိရသည်။

မြန်မာအလုပ်သမား ၆၀၀ ဦးအနက် အမျိုးသားများသည် တစ်ဦးလျှင် ဘတ် ၁၅၀၀၀ ကျော်စီနှင့် အမျိုးသမီးများတွင် တစ်ဦးလျှင် ဘတ် ၁၁၀၀၀ ကျော်စီ လုပ်အားခ ရရန်ရှိနေပြီး စုစုပေါင်း ဘတ် ၇ သန်းခန့်ရှိကြောင်း အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် အလုပ်သမားများသည် လုပ်အားခမရသဖြင့် စားသောက်နေထိုင်ရေးအပြင် အလုပ်အကိုင် အခွင့်အလမ်းများအတွက်ပါ ခက်ခဲနေကြကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။

“လုပ်အားခမရတော့ ဘာနဲ့ နေထိုင်စားသောက်မလဲပေါ့။ လက်ရှိ ထိုင်းမှာ အလုပ်ကလည်း ရှားပါးနေတော့ အချို့တွေက ဒီအလုပ်ပဲ အောင့်ပြီး ဆင်းနေကြသေးတယ်။ အချို့တော့လည်း မဆင်းကြတော့ပါဘူး” ဟု ကိုမုန်တိုင်းက ဆိုသည်။

လုပ်အားခမရသော အလုပ်သမားများတွင် နှစ်ကြီးအလုပ်သမားများလည်း ပါဝင်နေပြီး ၎င်းတို့အနက် လုပ်သက် ၁၆ နှစ်ရှိသူများလည်း ပါဝင်နေကြောင်း ကိုမုန်တိုင်းကပြောသည်။

လက်ရှိတွင် ဆောက်လုပ်ရေးဆိုဒ်များ မပြီးမြောက်ခြင်း၊ အရှုံးပေါ်ခြင်းများ‌ကြောင့် အလုပ်သမားများကို လုပ်အားခမရှင်းပေးနိုင် ဖြစ်နေကြောင်း အလုပ်ရှင်နှင့် သွားရောက်တွေ့ဆုံစဉ် ပြောခဲ့သည်ဟု ကိုမုန်တိုင်းက ပြောသည်။

အလုပ်သမားများ၏ လုပ်အားခများကိုလည်း ယခုလနှင့် လာမည့်အောက်တိုဘာလထဲတွင် ခွဲ၍ အပြည့်ပေးချေသွားမည်ဟု အလုပ်ရှင်က ကတိပြုခဲ့သဖြင့် လက်ရှိတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း မရှိသေးကြောင်း WAG အဖွဲ့ထံမှ သိရသည်။

ထိုကြောင့် လာမည့်လအတွင်း လုပ်အားခများကို အလုပ်ရှင်က ပြန်လည်ပေးဆောင်ခြင်းရှိမရှိ စောင့်ကြည့်သွားမည်ဖြစ်ပြီး လိုအပ်ပါက အမှုဖွင့် တိုင်ကြားသွားမည်ဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။