သတိပေးချက်
December 22, 2024

သက်တမ်းတိုးစရိတ်များနေ၍ မြန်မာလုပ်သား ၁၂၀၀ ကျော် စက်ရုံကို ဆန္ဒပြ၊ ဘတ် ၇၅၀၀ နှုန်းဖြင့်ပြေလည်

December 17, 2024

December 17, 2024
ပုံစာ - အလုပ်သမားများ တောင်းဆိုနေစဉ်။ ဓာတ်ပုံ - ပေးပို့

ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်ရှိ ကားတာယာစက်ရုံက မြန်မာအလုပ်သမား ၁၂၀၀ ကျော်သည် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းတိုး ကုန်ကျစရိတ် မြင့်မားနေ၍ လျှော့ချပေးရန် ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စုပေါင်းတောင်းဆိုခဲ့ရာ ဘတ် ၇၅၀၀ ဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း ဦးဆောင်တောင်းဆိုသော အလုပ်သမားများ ထံမှသိရသည်။

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းကုန်မည်ဖြစ်၍ DEESTONE ကားတာယာစက်ရုံရှိ အလုပ်သမားများအားလုံး သက်တမ်းတိုးရန် စက်ရုံဘက်က တစ်ဦးလျှင် ဘတ် ၁၂၀၀၀ အထိ ကနဦးကောက်ခံနေကြောင်း အလုပ်သမားများထံမှ သိရသည်။

ယင်းကဲ့သို့ သက်တမ်းတိုးစရိတ် များပြားနေသည့်အပေါ် ဈေးနှုန်း မှန်မှန်ကန်ကန်ဖြင့် လျှော့ချပြီး လုပ်ဆောင်ပေးရန် မြန်မာအလုပ်သမားများက တောင်းဆိုသော်လည်း ဘတ် ၁၀၅၀၀ အထိသာ လျှော့ချပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အလုပ်သမားများ လက်ခံနိုင်သော ဈေးနှုန်းပမာဏအထိ လျှော့ချပေးရေး မြန်မာအလုပ်သမား ၁၂၀၀ ကျော်က ယနေ့ နံနက်ပိုင်းက စက်ရုံထမင်းစားဆောင်တွင် စုရုံး၍ တောင်းဆိုခဲ့ကြောင်း ဦးဆောင်တောင်းဆိုခဲ့သော မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က အများသဘောတူ ဈေးနှုန်း မှန်မှန်ကန်ကန်လုပ်ပေးဖို့ တောင်းဆိုတာပါ။ အခွန်ကိစ္စတွေကို တိုးကောက်ထားလို့ လျှော့ပေးဖို့ အလုပ်သမားတွေ စုပြီး တောင်းဆိုလိုက်တာ” ဟု ဦးဆောင် အလုပ်သမားတစ်ဦးက ဆိုသည်။

အလုပ်သမားများသည် စက်ရုံတစ်ခုတည်းတွင် လုပ်ကိုင်နေပြီး လူမှုဖူလုံရေးကတ်များလည်း ရှိနေသဖြင့် စက်ရုံဘက်က ကောက်ခံသော နှုန်းထားမှာ များပြားနေကြောင်း ၎င်းကဆိုသည်။

မြန်မာအလုပ်သမားများ တောင်းဆိုနေစဉ် ဒေသအခြေစိုက် အလုပ်သမားအဖွဲ့အစည်းဖြစ်သော မြန်မာ့အလင်းလူမှုကူညီရေးအသင်း (LMA) က လာရောက်ကူညီဖြေရှင်းပေးခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

သက်တမ်းတိုး ဝန်ဆောင်ခများကို စက်ရုံဘက်က ကောက်ခံခြင်းမဟုတ်ဘဲ အေဂျင်စီများက ကောက်ခံခြင်းဖြစ်ကြောင်း စက်ရုံဘက်က ဆိုသည်ဟု အလုပ်သမားများက ပြောသည်။

အလုပ်သမားများနှင့် စက်ရုံတာဝန်ရှိသူများ ညှိနှိုင်းပြီးနောက် နေ့လယ်ပိုင်းတွင် လူမှုဖူလုံရေးကတ် (ပကန်စံခွန်) ရှိသူများက ၇၅၀၀ ဘတ်နှင့် ပကန်စံခွန် မရှိသူများက ၈၅၀၀ ဘတ်ဖြင့် ကနဦး ပြေလည်မှုရရှိခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

လက်ရှိတွင် ထိုင်းစက်ရုံများက အလုပ်သမားများထံမှ အလုပ်လုပ်ခွင့်လက်မှတ်သက်တမ်းတိုးရန် ကုန်ကျငွေ ဘတ် ၁၀၀၀၀ ကျော်အထိ ကောက်ခံမှုများနေသဖြင့် မြန်မာအလုပ်သမားများက ဈေးနှုန်းလျှော့ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်မြင်တွေ့လာနေရကြောင်း အလုပ်သမားကူညီရေးအဖွဲ့များက ဆိုသည်။