သတိပေးချက်
December 22, 2024

ထိုင်းတောင်ပိုင်း စူရတ်ဌာနီတွင် လောင်းလုံးဒေသခံတစ်ဦး ရေစီးဖြင့် မျောပါသေဆုံး

December 17, 2024

December 17, 2024
ပုံစာ - ကိုစည်သူဝင်း ပျောက်ဆုံးမှုကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ထချန်းဒေသရှိ သစ်စက်တွင် လုပ်ကိုင်နေသော လောင်းလုံးဒေသခံတစ်ဦးသည် ရေကြီးနေစဉ် ရေစီးဖြင့် မျောပါသေဆုံးကြောင်း နီးစပ်သူများထံမှ သိရသည်။

သေဆုံးသူသည် အသက် ၄၀ နှစ်အရွယ် ကိုစည်သူဝင်းဖြစ်ပြီး လောင်းလုံးမြို့နယ် တောင်မင်းပြောင်ကျေးရွာ ဇာတိဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ကြက်သွားဖမ်းပြီး ပြန်လာစဉ် လမ်းတွင် ရေကြီးနေပြီး အဆိုပါလမ်းကို ဖြတ်ကူးစဉ် မျောပါသွားခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။

အတူလိုက်ပါလာသော သူငယ်ချင်းဖြစ်သူက လိုက်ဆယ်သော်လည်း ရေစီး အရှိန်ပြင်းနေသဖြင့် ဆယ်ယူ၍ မရနိုင်ခဲ့သဖြင့် သစ်စက်သို့ ပြန်လာ၍ သက်ဆိုင်ရာအဖွဲ့များကို အကူအညီတောင်းခံကြောင်း ၎င်းက ပြောဆိုသည်။

ထိုင်းကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေခဲ့သော်လည်း အချိန်မီ မတွေ့ရှိခဲ့ဘဲ တစ်ရက်အကြာ ယနေ့ ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် အလောင်းကို ပြန်တွေ့ခဲ့ကြောင်း နီးစပ်သူက ဆိုသည်။

“မနေ့ကတည်းက ရေနစ်မျောသွားတယ်။ ထိုင်းရေငုပ်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ ဒီနေ့ (ညနေ) ၅နာရီခွဲမှ အလောင်းကို ပြန်တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူတွင် အမျိုးသမီးနှင့် ကလေးငယ်များ ကျန်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီအပါအဝင် အနီးရှိ ခရိုင်များတွင် ဒီဇင်ဘာလ ၁၄ ရက်ကတည်းက မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီး မြေပြိုမှုများ ဖြစ်ပွားနေကာ ကော့စမွေကျွန်းတွင်လည်း မြေပြိုမှုကြောင့် မြန်မာ နှစ်ဦး သေဆုံးခဲ့သေးသည်။