သတိပေးချက်
December 23, 2024

ထိုင်းငါးဖမ်းလုပ်ငန်း ဥပဒေအသစ်ကြောင့် စိုးရိမ်မှုမြင့်တက်

June 18, 2024

June 18, 2024
ဓာတ်ပုံ - Thai PBS World

လွှတ်တော်ကို တင်သွင်းထားတဲ့ ငါးဖမ်းလုပ်ငန်းဥပဒေအသစ်က ထိုင်းနိုင်ငံကို ခေတ်နောက်ပြန်ဆွဲစေလိမ့်မယ်၊ လူကုန်ကူးမှုတွေ ပိုများလာပြီး တိုင်းပြည်ရဲ့ ဘတ်ငွေဘီလီယံနဲ့ချီတဲ့ ပင်လယ်စာတင်ပို့မှုလုပ်ငန်းတစ်ခုလုံးကို ထိခိုက်သွားစေလိမ့်မယ် ဆိုတဲ့ စိုးရိမ်ချက်တွေ ကြီးထွားလာနေပါတယ်။

၂၀၁၇ ထိုင်းငါးဖမ်းလုပ်ငန်းအက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ ဆက်စပ်ဥပဒေမူကြမ်း ၇ ခုကို ထိုင်းအစိုးရအဖွဲ့က လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ ပါလီမန်ရဲ့ ထောက်ခံမှုကို ရထားတဲ့ အဆိုပါဥပဒေပြင်ဆင်ချက်မူကြမ်းတွေကို အထူးသီးသန့်ကော်မတီတစ်ရပ်က စစ်ဆေးသုံးသပ်နေပြီ ဖြစ်ပါတယ်။ အထူးကော်မတီရဲ့ စစ်ဆေးသုံးသပ်မှုပြီးဆုံးသွားခဲ့ရင်တော့ တရားဝင်အတည်ပြုပြဌာန်းဖို့အတွက် ဇူလိုင်လမှာ ထိုင်းပါလီမန်ကို ပြန်လည်တင်သွင်းရတော့မှာ ဖြစ်ပါတယ်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆင့်သတ်မှတ်ချက်မှာ ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကြိုးပမ်းမှုအဆင့်က အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၃ ကို ကျဆင်းသွားခဲ့မယ်ဆိုရင် အဲဒီကနေ အဆင့်ပြန်တက်လာအောင် ကြိုးစားဖို့က ခက်ခဲလိမ့်မယ်” လို့ Institute of Politics and Policy Analysis အဖွဲ့ရဲ့ ဒါရိုက်တာ Thanaporn Sriyakul က ပြောပါတယ်။ ဒီဥပဒေပြင်ဆင်ချက်မူကြမ်းတွေကို ထိုင်းပါလီမန်က မူအားဖြင့် ထောက်ခံအတည်ပြုပေးလိုက်တဲ့အပေါ် စိုးရိမ်ချက်ကို သူမက ဖွင့်ဟခဲ့တာပါ။

အဓိကပြောင်းလဲမှုတွေ

ဥပဒေမူကြမ်းကိုသာ အတည်ပြုပြီးသွားခဲ့ရင်တော့ တည်ဆဲဥပဒေအရ ထိုင်းငါးဖမ်းလုပ်ငန်းအက်ဥပဒေချိုးဖောက်သူတွေကို ချမှတ်တဲ့ အပြစ်ဒဏ်တွေ အားပျော့လျော့နည်းသွားတော့မှာ ဖြစ်ပါတယ်။

လက်ရှိထိုင်းငါးဖမ်းလုပ်ငန်း တည်ဆဲဥပဒေအရ ငါးမဖမ်းရ ကန့်သတ်ထားတဲ့ ပင်လယ်ပြင်နယ်နိမိတ်ထဲ ဝင်ရောက်ငါးဖမ်းတဲ့ ဆွဲပိုက်ချငါးဖမ်းလှေတွေဟာ လှေအရွယ်အစားနဲ့ ငါးဖမ်းနိုင်စွမ်းပမာဏအပေါ် မူတည်ပြီး ဘတ်ငွေ သုံးသိန်းကနေ ဘတ်ငွေ ၃၅ သန်းအထိ ဒဏ်ငွေဆောင်ရဖို့ ပြဌာန်းထားပါတယ်။

ဒါပေမယ့် ဒီဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းတွေကိုသာ ပါလီမန်မှာ အတည်ပြုပြီးသွားခဲ့ရင်တော့ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ငါးသောင်းကနေ ဘတ်ငွေတစ်သန်းအထိသာ ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။

အသစ်တင်သွင်းလိုက်တဲ့ ငါးဖမ်းလှေဥပဒေမူကြမ်းအရ ငါးဖမ်းလှေအလုပ်သမားတွေဟာ အွန်လိုင်းကနေ မှတ်ပုံတင်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ဖွံ့ဖြိုးလာနေတဲ့ ဒစ်ဂျစ်တယ်ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီပေမယ့်လည်း ဝေဖန်သူတွေက ထောက်ပြနေကြတာ ရှိပါတယ်။

အဲဒါကတော့ ထိုင်းငါးဖမ်းလှေတွေပေါ်က အလုပ်သမားတွေကို ငွေဝယ်ကျွန်လို ဘဝမျိုး ရောက်သွားစေမယ့် ဥပဒေကြောင်းအရ ဂယ်ပေါက်တွေ ဖြစ်လာတော့မယ် ဆိုတာပါပဲ။ ဥပဒေပြင်ဆင်ချက်မူကြမ်းမှာ ထိုင်းငါးဖမ်းလှေတွေဟာ ဖမ်းဆီးရမိတဲ့ ငါးတွေကို ကုန်းပေါ်ပို့ဖို့ ဆိပ်ကမ်းကို ဝင်လာစရာမလိုတော့ဘဲ ပင်လယ်ထဲမှာပဲ အခြားလှေတစ်စီးနဲ့ လွှဲပြောင်းပို့ဆောင်ခွင့် ပေးထားပါတယ်။

အကယ်၍ ဒါကို ခွင့်ပြုပေးလိုက်မယ်ဆိုရင် ငါးဖမ်းလှေပေါ်က အလုပ်သမားတွေဟာ ရသင့်ရထိုက်တဲ့ ကုန်းပေါ်တက်ချိန်မရတာမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။ တနည်းပြောရရင် ငါးဖမ်းလှေအလုပ်သမားတွေဟာ ပင်လယ်ပြင်ငါးဖမ်းတခါထွက်တိုင်း ရက်သတ္တပတ်ပေါင်းများစွာ လပေါင်းများစွာကြာအောင် ကုန်းပေါ်တက်ခွင့်မရဘဲ ပင်လယ်ထဲမှာ အလုပ်လုပ်နေကြရတော့မယ် ဆိုတာပါပဲ။

ဒါ့အပြင် ဥပဒေပြင်ဆင်ချက်မူကြမ်းက တချို့နေရာတွေမှာ ကမ်းနီးငါးဖမ်းဇုန်တွေရဲ့ ဧရိယာအကျယ်အဝန်းကို လျှော့ချထားပါတယ်။ နဂိုကတည်းက ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ တနိုင်တပိုင် ငါးဖမ်းလှေလေးတွေကို ဒီလျှော့ချမှုက ပိုဒုက္ခပေးတော့မှာ ဖြစ်ပါတယ်။

တည်ဆဲငါးဖမ်းဥပဒေအရ ထိုင်းပင်လယ်ပြင်မှာ ၂.၅ စတုရန်းစင်တီမီတာအောက်ငယ်တဲ့ ငါးဖမ်းပိုက်တွေနဲ့ ဖမ်းဆီးမှုကို တားမြစ်ထားပါတယ်။ ဥပဒေပြင်ဆင်ချက်မူကြမ်း အတည်ပြုပြဌာန်းပြီးသွားရင် ဒီကန့်သတ်ချက်ကို ပယ်ဖျက်တော့မှာ ဖြစ်ပါတယ်။

ဥပဒေပြင်ဆင်ချက်မူကြမ်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကလည်း ကျယ်ကျယ်လောင်လောင် ကန့်ကွက်နေကြပါတယ်။ ဇာကွက်ငယ်တဲ့ ငါးဖမ်းပိုက်တွေဟာ ပင်လယ်ပြင်ငါးအရေအတွက် တိုးပွားရေးအတွက် အရေးပါတဲ့ ငါးသားပေါက်လေးတွေကို အရောရောအနှောနှော ဖမ်းဆီးရမိစေပြီး အဏ္ဏဝါဂေဟစနစ် ရေရှည်တည်တံ့မှုကိုပါ ထိခိုက်ပျက်စီးစေတယ်လို့ သူတို့က ထောက်ပြကြပါတယ်။

နောက်ဆုံးအချက်က ဒီဥပဒေပြင်ဆင်ချက်မူကြမ်းသာ အတည်ပြုပြီးသွားခဲ့ရင် လက်ရှိပြဌာန်းထားတဲ့ ငါးဖမ်းလှေအလုပ်သမားအခွင့်အရေးကာကွယ်ရေးဆိုင်ရာ ပုဒ်မ ၄ ကိုပါ ဖျက်သိမ်းခံလိုက်ရတော့မှာ ဖြစ်ပါတယ်။

လူကုန်ကူးမှုနဲ့ စီးပွားရေးပရိဒေဝများ

လက်ရှိထိုင်းငါးဖမ်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းအတည်ပြုထွက်ရှိလာခဲ့ရင် အမေရိကန်နိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကြိုးပမ်းမှုအဆင့်သတ်မှတ်ချက်မှာ ထိုင်းနိုင်ငံရဲ့ အဆင့်ထိုးကျသွားလိမ့်မယ်လို့ Thanaporn က ဆိုပါတယ်။

“အဆင့်ထိုးကျသွားတာနဲ့ တိုင်းပြည်က မြင့်တက်လာတဲ့ ကုန်သွယ်မှုအတားအဆီးတွေကို ကြုံရလိမ့်မယ်” လို့ သူက ရှင်းပြပါတယ်။

၂၀၂၂ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက်ရေးကြိုးပမ်းမှုအဆင့် သတ်မှတ်ချက်မှာ အစောင့်ကြည့်ခံ အဆင့် ၂ ကနေ အဆင့်တိုးပေးလိုက်ပါတယ်။

ထိုင်းအစိုးရက လူကုန်ကူးမှုအမြစ်ဖြတ်ရေးကြိုးပမ်းမှုတွေဟာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးစံတွေနဲ့ မကိုက်ညီခဲ့ပေမယ့် သိသာထင်ရှားတဲ့ ကြိုးပမ်းအားထုတ်မှုတွေ မြင်တွေ့ရတယ်ဆိုပြီး အခုလို အဆင့်တိုးပေးခဲ့တာ ဖြစ်ပါတယ်။

အစောင့်ကြည့်ခံ အဆင့် ၂ မှာ ထည့်သွင်းခံထားရတယ်ဆိုတာက ထိုင်းနိုင်ငံဟာ အချို့သော ကုန်သွယ်ရေးတားမြစ်ပိတ်ပင်မှုတွေ ကျရောက်ခံနေခဲ့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ပင်လယ်စာနဲ့ ငါးဖမ်းလုပ်ငန်း ပြည်ပတင်ပို့မှုဟာ ၂၀၂၂ ခုနှစ်မှာ ဘတ်ငွေ ဘီလီယံ ၂၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။

ဒီပြည်ပတင်ပို့မှုတွေရဲ့ ၆၀ ရာခိုင်နှုန်းက အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု ပြဿနာ ၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်ရေးကိစ္စတွေအပေါ်မှာ လေးလေးနက်နက် လုပ်ဆောင်ကိုင်တွယ်နေကြတဲ့ နိုင်ငံတွေဆီ တင်ပို့နေတာ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရေး (Migrant Working Group) အဖွဲ့ရဲ့ တာဝန်ရှိပုဂ္ဂိုလ် Adisorn Kerdmongkol က ပြောပါတယ်။

“ဒါကြောင့် ထိုင်းအစိုးရက အလုပ်သမားအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို ဖြစ်ချင်ရာဖြစ် လွှတ်ထားလိုက်မယ်ဆိုရင် ထိုင်းစီးပွားရေး ထိခိုက်လိမ့်မယ်” လို့ သူက ဆိုပါတယ်။

လက်ရှိထိုင်းငါးဖမ်းအက်ဥပဒေဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်မှာ ပြဌာန်းထားခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေကို ပြင်ဆင်လိုက်တာက ငါးဖမ်းလှေတွေေပေါ်မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့ အန္တရာယ်တွေ သိသိသာသာ မြင့်တက်လာစေလိမ့်မယ်လို့ သူက ဖြည့်စွက်ပြောခဲ့ပါတယ်။

“တကယ်လို့ ဖမ်းမိထားတဲ့ ငါးတွေကို အခြားလှေတစ်စီးနဲ့ ဆိပ်ကမ်းကို ပြန်ပို့လို့ ရလာမယ်ဆိုရင် ငါးဖမ်းလှေတစ်စီးဟာ ပင်လယ်ပြင်တစ်ခါထွက်တိုင်း ရက် ၆၀ ကနေ ရက် ၉၀ အထိကြာအောင် အလုပ်လုပ်နေလို့ ရတယ်”

ဒါဆိုရင်တော့ ငါးဖမ်းလှေအလုပ်သမားတွေဟာ ရသင့်ရထိုက်တဲ့ အားလပ်ရက်အခွင့်အရေးတွေ မရတော့ဘဲ အလုပ်သမားတွေရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဘဝဟာ အန္တရာယ်ရှိအနေအထားကို ရောက်လာလိမ့်မယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ထိုင်းအစိုးရ သဘောထား

ထိုင်းအစိုးရ စိုက်ပျိုးမွေးမြူရေးနဲ့ သမဝါယမဝန်ကြီးဖြစ်သူ Thamanat Prompow က လက်ရှိတင်သွင်းထားတဲ့ ထိုင်းငါးဖမ်းလုပ်ငန်းဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းဘက်ကနေ ရှေ့နေလိုက်ကာကွယ်ပြောဆိုထားပါတယ်။

ထိုင်းငါးဖမ်းလုပ်ငန်းကို ပြောင်းလဲလာတဲ့ ခေတ်အခြေအနေနဲ့ အမီလိုက်နိုင်ဖို့၊ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတဲ့ ငါးဖမ်းအလုပ်သမားတွေရဲ့ အတိဒုက္ခကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဒီဥပဒေပြင်ဆင်ချက်မူကြမ်းတွေဟာ လိုကို လိုအပ်တယ်လို့ သူက ပြောပါတယ်။

“တနိုင်တပိုင် ငါးဖမ်းလှေလေးတွေကို မထိခိုက်စေဘဲ တရားမဝင် စည်းလွတ်ဘောင်လွတ်ငါးဖမ်းလုပ်ငန်းတွေကို အရေးယူတိုက်ခိုက်ဖို့က ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပဲ” လို့ သူက ပြောပါတယ်။

ဥပဒေပြင်ဆင်ချက်မူကြမ်းမှာ တနိုင်တပိုင်ငါးဖမ်းလှေတွေရဲ့ တရားဝင် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဖြည့်စွက်ထည့်သွင်းထားပါတယ်။ တနိုင်တပိုင် ငါးဖမ်းလှေလေးတွေကို ကမ်းနီးပင်လယ်ပြင် ပြင်ပမှာ ငါးဖမ်းခွင့်ပိတ်ထားတဲ့ ဥပဒေကန့်သတ်ချက်ကိုပါ ပယ်ဖျက်ထားပါတယ်။

“၂.၅ စတုရန်းစင်တီမီတာထက် ငယ်တဲ့ ဇာကွက်ပိုက်နဲ့ ငါးဖမ်းတာမျိုးကိုမှ ကျွန်တော်တို့က ခွင့်ပြုပေးမှာ” လို့ သူက အတည်ပြုပြောဆိုခဲ့ပါတယ်။ ဥပဒေပြင်ဆင်ချက်အရ တနိုင်တပိုင်ငါးဖမ်းလှေတွေနဲ့ ဖမ်းယူခွင့်ကို ထိုင်းနိုင်ငံသားတွေကိုပဲ ခွင့်ပြုပေးတော့မှာ ဖြစ်ပါတယ်။

ဥပဒေပြင်ဆင်ချက်အရ ငါးဖမ်းလှေဥပဒေချိုးဖောက်ထားတဲ့ ငါးဖမ်းလှေပိုင်ရှင်တွေနဲ့ တံငါသည်တွေကိုပါ ငါးဖမ်းလိုင်စင်လျှောက်ခွင့်ရအောင် ခွင့်ပြုပေးထားပါတယ်။

ငါးဖမ်းလုပ်ငန်းဥပဒေချိုးဖောက်မှုတွေမှာ ချမှတ်ထားတဲ့ အပြစ်ဒဏ်တွေဟာ ဥပဒေချိုးဖောက်တဲ့ ငါးဖမ်းလှေတွေကိုသာ သက်ရောက်တော့မှာ ဖြစ်ပါတယ်။ ငါးဖမ်းလှေတစ်စီးထက်ပိုပိုင်တဲ့ ငါးဖမ်းလုပ်ငန်းရှင်တွေနဲ့ တံငါသည်တွေကတော့ အပြစ်ဒဏ်ကင်းလွတ်ခွင့် ရတော့မယ်လို့ Thamanat က ပြောပါတယ်။

သတိပေးချက်တွေ လိုအပ်နေ

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုမှာ Migrant Working Group ရဲ့ တာဝန်ရှိပုဂ္ဂိုလ် Phenpiccha Jankomol က သူမအနေနဲ့ လက်ရှိငါးဖမ်းလုပ်ငန်းဥပဒေကို ပြင်ဆင်ပြောင်းလဲတာကို မကန့်ကွက်ပေမယ့် ငါးဖမ်းလှေအလုပ်သမားတွေအတွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးမှုတွေ လျှော့ချလိုက်တာကိုတော့ ကန့်ကွက်တယ်လို့ ဆိုခဲ့ပါတယ်။

“ထိုင်းငါးဖမ်းလုပ်ငန်းလောကတစ်ခုလုံးမှာ ငါးဖမ်းလှေအလုပ်သမားတွေရဲ့ အထောက်အထားစာရွက်စာတမ်း မရရှိတဲ့ ပြဿနာ၊ လုပ်ခလစာ ပုံမှန်မရတဲ့ ပြဿနာ၊ ကိုယ်ထိလက်ရောက် ရိုက်နက်စော်ကားခံရတဲ့ ပြဿနာတွေနဲ့ ပွထနေတယ်” လို့ သူမက ပြောခဲ့ပါတယ်။

“ဒါတောင် လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုတွေနဲ့ အသက်သေဆုံးမှုတွေ မပါသေးဘူး”

“ကျွန်မတို့ တိုင်းပြည်က ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ( WTO) ရဲ့ လမ်းညွှန်မှုတွေကနေ သွေဖည်နေမယ်ဆိုရင် ဒါကို လက်တုံ့ပြန်တဲ့ အရေးယူမှုတွေနဲ့ ကြုံလာရနိုင်တယ်”လို့လည်း သူမက သတိပေးခဲ့ပါတယ်။

အဆိုပါ နှီးနှောဖလှယ်ပွဲမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုဖောင်ဒေးရှင်း (Environmental Justice Foundation) ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Pruksa Singahapol ကလည်း ဥပဒေပြင်ဆင်ချက်မူကြမ်းတွေ အတည်ပြုလိုက်တာက ထိုင်းနိုင်ငံအတွက် နောက်ပြန်ဆွဲတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်နေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်စား Kritsada Boonchai ဆိုသူက ဥပဒေပြင်ဆင်ချက်မူကြမ်းဟာ ထိုင်းနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ တရားမျှတမှုကို စတေးပြီး “ခေတ်နောက်ကျနေတဲ့ အရင်းရှင်ဝါဒ”ကို ပိုဦးစားပေးလိုက်တာပဲလို့ ဝေဖန်ခဲ့ပါတယ်။

“ ဒီဥပဒေပြင်ဆင်ချက်မူကြမ်းရဲ့ အနှစ်သာရကတော့ အဏ္ဏဝါဇီဝစုံလင်ကွဲပြားမှုနဲ့ ဂေဟစနစ်ကို အပျက်စီးခံပြီး စီးပွားဖြစ်ငါးဖမ်းလုပ်ငန်းတွေရဲ့ အဖျက်စွမ်းအားမြင့် လုပ်ရပ်တွေကို ခွင့်ပြုပေးလိုက်တာပါပဲ” လို့ သူက ပြောခဲ့ပါတယ်။

ထိုင်းငါးဖမ်းလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Piya Tedyam က ဒီဥပဒေပြင်ဆင်ချက်မူကြမ်းဟာ ထိုင်းပင်လယ်ပြင်ရဲ့ ငါးအကောင်ရေပေါက်ပွားမှုကို လျော့နည်းသွားစေပြီး တနိုင်တပိုင် ငါးဖမ်းလှေလေးတွေကို ပျောက်ကွယ်သွားစေလိမ့်မယ်”လို့ ညည်းညူ ပါတယ်။

Thai PBS ပါ Move to gut fisheries law could sink Thai exports and poor fishermen, critics warn ကို ဘာသာပြန်ဆိုထားပါသည်။