သတိပေးချက်
June 18, 2025

ဘန်ကောက်ရောက် စစ်ခေါင်းဆောင်ကို ဆန္ဒပြသည့်မြန်မာနှစ်ဦးအား နှစ်လကျော်ကြာ ဖမ်းထားပြီး အမှုများစွာဖြင့် တရားစွဲ

June 18, 2025

June 18, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြီးခဲ့သော ဧပြီလက ပြုလုပ်ခဲ့သည့် BIMSTEC အစည်းအဝေးလာတက်သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြရန် ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသားနှစ်ဦးအား နှစ်လခွဲကြာအထိ ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုများစွာဖြင့် တရားစွဲခံထားရကြောင်း ဖမ်းဆီးခံထားရသော ကိုနိုင်နိုင်စိုးထံမှ သိရသည်။

ပြီးခဲ့သော ဧပြီလ ၃ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် လာတက်သော BIMSTEC အစည်းအဝေးကျင်းပရာ ရှန်ဂရီလာဟိုတယ်အနီးတွင် ကိုနိုင်နိုင်စိုးနှင့် ကိုဖြိုးပိုင်တို့နှစ်ဦးသည် ဆန္ဒပြရန် ပြင်ဆင်နေစဉ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးခံရစဉ် မင်းအောင်လှိုင်ဓါတ်ပုံကို တွေ့ရှိခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး အချိန် နှစ်လခွဲကြာ ယနေ့ ဇွန်လ ၁၈ ရက်နေ့အထိ ဘန်ကောက်ရှိ လဝကထိန်းသိမ်းရေးစခန်း (immigration Detention Centre) တွင် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ကိုနိုင်နိုင်စိုးက ပြောသည်။

“ကျွန်တော်တို့ကို အမှုတပ်ပြီဆိုတာနဲ့ တရားရုံးကို မတက်ဘူး။ ချက်ချင်း Blacklist လုပ်ပြီး ပြည်ဝင်ခွင့်တွေပိတ်ပြီး မြန်မာပြည်ကို နှစ်ရက်အတွင်းကို ပြန်ပို့တာ။ ကျွန်တော်တို့ကို ဖမ်းခံရတဲ့ ၄ ရက်နေ့ ညနေမှာ UN (ကုလသမဂ္ဂ) ကို စစ်ခိုင်းလိုက်လို့ သူတို့က (ထိုင်းအာဏာပိုင်) ပြန်ပို့လို့ မရတော့တာ။ လက်ရှိကတော့ အမှုတွေကိုလည်း မတရားစွပ်စွဲထားသေးတယ်” ဟု ဖမ်းဆီးခံထားရသော ကိုနိုင်နိုင်စိုးက ဆိုသည်။

လက်ရှိတွင် ကိုနိုင်နိုင်စိုးနှင့် ကိုဖြိုးပိုင်တို့နှစ်ဦးကို နှစ်နိုင်ငံချစ်ကြည်‌ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံ တည့်တံ့ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းနိုင်ငံ လူမှုအသိုင်းအဝိုင်းကို မငြိမ်မသက်နှင့် အန္တရာယ်ဖြစ်စေမှု၊ ထိုင်းနိုင်ငံသားများ၏ လုံခြုံမှုကို အန္တရာယ်ဖြစ်စေမှုအပါအဝင် အမှုများစွာဖြင့် တရားစွဲခံထားရကြောင်း ၎င်းတို့၏ Facebook စာမျက်နှာများတွင် ဇွန်လ ၁၆ ရက်နေ့က ရေးသားထားကြသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦး၏ နေထိုင်ခွင့်ဗီဇာနှင့် နိုင်ငံကူးလက်မှတ်ကဲ့သို့ စာရွက်စာတမ်းများကို ထိုင်းအာဏာပိုင်များက အမည်ပျက်စာရင်း (Blacklist) သွင်းထားကြောင်း ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးသည် စတင်ဖမ်းဆီးခံရချိန်က ထိုင်းအာဏာပိုင်များက မိသားစုဝင်များနှင့် ဆက်သွယ်ခွင့်မပေးခဲ့သလို ထိုင်းဘာသာဖြင့် ရေးသားထားသော စာရွက်ပေါ်တွင်လည်း ၎င်းတို့နှစ်ဦးကို အတင်းအကျပ် လက်မှတ်ထိုးစေခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

၎င်းတို့နှစ်ဦးကို ထိုင်းအစိုးရဘက်က မြန်မာပြည်ပြန်ပို့ရန် ပြင်ဆင်ခဲ့ပြီး လက်ရှိအချိန်တွင် ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့နှစ်ဦးကို နေရပ်ပြန်မပို့ရေးအတွက် ကုသသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ကလည်း ကူညီဆောင်ရွက်ပေးထားကြောင်း ၎င်းတို့၏ Facebook စာမျက်နှာများတွင် ဖော်ပြထားသည်။

ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြသော ထိုင်းကျောင်းသားတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရသော်လည်း နေ့ချင်းပြီး စွဲချက်မရှိပဲ ပြန်လွတ်လာခဲ့ကာ ယင်းအချိန်က ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးကိုမူ ယနေ့အထိ ပြန်လွှတ်ပေးခဲ့ခြင်း မရှိသေးပေ။