သတိပေးချက်
June 18, 2025

နောက်လမှစ၍ ဘန်ကောက်တွင် တစ်ရက်လုပ်အားခ အနည်းဆုံး ဘတ် ၄၀၀ ရရှိမည်

June 18, 2025

June 18, 2025

လာမည့်ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဘန်ကောက်တွင် လုပ်ကိုင်နေသော အလုပ်သမားအားလုံးကို တစ်ရက် အခြေခံလုပ်အားခ ဘတ် ၄၀၀ တိုးမြင့်သတ်မှတ်ပေးရန် ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

လက်ရှိတွင် ဘန်ကောက်အပါအဝင် နီးစပ်ရာခရိုင်များတွင် တစ်နေ့အခြေခံလုပ်အားခ ၃၇၂ ဘတ်သာ ရရှိနေခြင်းဖြစ်သည်။

ထို့ကြောင့် လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဘန်ကောက်တွင် တစ်နေ့လုပ်အားခ ဘတ် ၄၀၀ သို့ တိုးလာမည်ဖြစ်ရာ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် မူလလုပ်အားခထက် တစ်ရက် ၂၈ ဘတ် ပိုမိုရရှိမည်ဖြစ်သည်။

သို့သော်လည်း အခြားခရိုင်များတွင် မူလက သတ်မှတ်ထားသော တစ်နေ့အခြေခံလုပ်အားခများဖြစ်သည့် ဘတ် ၃၃၇ မှ ၃၈၀ အတွင်းသာ အလုပ်သမားများက ရရှိနေဦးမည်ဖြစ်သည်။

ယခုတစ်နေ့ အခြေခံလုပ်အားခ ဘတ် ၄၀၀ သို့ တိုးမြင့်သတ်မှတ်မှုကို နိုင်ငံတစ်ဝန်းရှိ ခရီးသွားလုပ်ငန်းများဖြစ်သော ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း သက်ရောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုပ်အားခတိုးမြင့်ရေးကော်မတီက ဇွန်လ ၁၇ ရက်‌နေ့က ပြောကြားခဲ့သည်။

အထူးသဖြင့် ကြယ်နှစ်ပွင့်အဆင့်ရှိ ဟိုတယ်များနှင့် အခန်းပေါင်း ၅၀ ကျော်သော ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် တစ်နေ့လုပ်အားခ ဘတ် ၄၀၀ သို့ တိုးမြင့်မှု သက်ရောက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဖျော်ဖြေရေးလုပ်ငန်းဥပဒေအောက်က ဖွင့်လှစ်ထားသည့် ကာရာအိုကေနှင့် ဘားကဲ့သို့ လုပ်ငန်းများလည်း ပါဝင်လာမည်ဖြစ်သည်။

ယခုကဲ့သို့ လုပ်အားခ တစ်နေ့ ဘတ် ၄၀၀ တိုးမြင့်မှုကို နိုင်ငံတစ်ဝန်းရှိ အလုပ်သမားပေါင်း ၇ သိန်းကျော် အကျိုးခံစားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ခရီးသွားအလာများသော ခရိုင်များဖြစ်သည့် ဖူးခက်၊ ချာချင်စောင်၊ ချွန်ဘူရီ၊ ရယွန်နှင့် စူရတ်ဌာနီခရိုင်ရှိ ကော့စမွေဒေသများတွင် အနည်းဆုံး တစ်နေ့လုပ်အားခကို ဘတ် ၄၀၀ သို့ တိုးမြင့်ပေးထားပြီးဖြစ်သည်။

သို့သော်လည်း လက်ရှိ အာဏာရ ဖွေထိုင်းပါတီ၏ ရွေးကောက်ပွဲကတိဖြစ်သော ခရိုင်အားလုံးတွင် တစ်နေ့လုပ်အားခ ဘတ် ၄၀၀ အထိ တိုးမြင့်ပေးမည့် အစီအစဉ်ကို အကောင်အထည် မဖော်နိုင်သေးကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ဖွေထိုင်းပါတီက ရွေးကောက်ပွဲအနိုင်ရရှိပါက ၂၀၂၇ ခုနှစ်မတိုင်မီ တစ်နေ့လုပ်အားခကို ဘတ် ၆၀၀ အထိ တိုးမြင့်ပေးမည်ဖြစ်ကြောင်း ပြည်သူများကို ကတိပြုထားသည်။

Ref: Bangkok Post, Nation Thailand