မလေးရှားနိုင်ငံသို့ သွားရောက်ရန် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသည့် မြန်မာနိုင်ငံသား ၁၃ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ဩဂုတ်လ ၁၇ ရက်နေ့က ကော့လတ်ဒေသ တောထဲရှိ အိမ်အဟောင်းတစ်ဆောင်ထဲတွင် နိုင်ငံခြားသားများ တရားမဝင် ရောက်နေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် အာဏာပိုင်အဖွဲ့က သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
အာဏာပိုင်များ ရောက်ရှိလာချိန်တွင် မြန်မာနိုင်ငံသားအချို့သည် အိမ်အဟောင်းထဲ ပုန်းနေကြပြီး အချို့သည် တောထဲပုန်းနေကြကြောင်း သိရသည်။
အာဏာပိုင်များက မြန်မာနိုင်ငံသားများအား ထမင်းထွက်လာစားကြရန် လှည့်ကွက်သုံး၍ ခေါ်ယူစဉ် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၁၃ ဦးကို တွေ့ရှိခဲ့ကြောင်း၊ အားလုံးတွင် တရားဝင် နေထိုင်ခွင့် အထောက်အထားများကို မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများသည် ဩဂုတ်လ ၁၃ ရက်နေ့က ကန်ချနဘူရီလမ်းကြောင်းကတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာကြပြီး အားလုံးသည် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ရည်ရွယ်ထားကြကြောင်း ဖြေကြားထားသည်။
ထို့ကြောင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားအားလုံးကို ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေး ပရာကျွတ်ခီရီခန်ရဲစခန်းသို့ ခေါ်ယူခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ပြီးခဲ့သော ဇူလိုင်လက မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ၄၀၀ ဦးအထိ ရှိခဲ့ကြောင်း FE5 Tanintharyi လစဉ် အစီအရင်ခံစာအရ သိရသည်။
Ref: CH 7, Siam