ထိုင်းနိုင်ငံ ၊ ပကျွတ်ခရိုင် ၊ ပန်ဘူရီမြို့တွင် သြဂုတ်လ ၁၇ ရက်ညက ဆိုင်ကယ်မောင်းလာသည့် လင်မယားနှစ်ဦးကို ကားတစ်စီးက ဝင်တိုက်မိ၍ အမျိုးသမီးဖြစ်သူ သေဆုံးသွားကြောင်း သေဆုံးသူ၏ မိတ်ဆွေများထံမှသိရသည် ။
သေဆုံးသူသည် မြိတ်မြို့နယ် ၊ ပြင်းငယ်ရွာ ဒေသခံ အသက် ၄၁ နှစ်အရွယ် မချိုလွင် ဖြစ်ပြီး ထိုင်းနိုင်ငံ တွင် ရှားစောင်းလက်ပက်စက်ရုံ၌ အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမတစ်ဦးဖြစ်သည် ။
” ဆန်ဝယ်ပြီး ပြန်လာတဲ့အချိန် ဆိုင်ကယ်ကို ကားက ဝင်တိုက်တယ် ။ အမျိုးသားဖြစ်သူက ဆိုင်ကယ်နဲ့ လဲကျပြီးကျန်ခဲ့တယ် ။ အမျိုးသမီးက ကားမှာချိတ်ပြီးပါသွားတယ် ။ ဒဏ်ရာပြင်းတော့ သေသွားတယ် အရှေ့အနောက်ဆင့်တိုက်တာပါ” ဟု မချိုလွင် ၏ မိတ်ဆွေတစ်ဦးက ပြောသည် ။
မချိုလွင်တွင် လည်ပင်းကျိုးဒဏ်ရာ ၊ ဦးနှောက်ဒဏ်ရာ များရရှိကာသေဆုံးခဲ့ပြီး မချိုလွင်၏ ခင်ပွန်းတွင်မူ လက်တွင်ဒဏ်ရာရခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
Dawei Watch က ကြည့်ရှူခဲ့ရသည့် CCTV မှတ်တမ်းရုပ်သံတွင်လည်း ကားလမ်းမပေါ်သွားနေသည့် ဆိုင်ကယ်အား ကားတစ်စီးက အနောက်မှဝင်တိုက်ပြီး ဆိုင်ကယ်လဲကျသွားသလို ကားလည်း လမ်းဘေးရောက်ကာ တစ်ပတ်လည်သွားသည်ကို တွေ့ရသည် ။
ယာဥ်တိုက်မှုဖြစ်ခဲ့သည့် ကားကိုမောင်းနှင်ခဲ့သော ထိုင်းနိုင်ငံသားကို ယင်းဒေသရှိ ရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့်ထားပြီး ယင်းဖြစ်စဉ်အတွက် မြန်မာအလုပ်သမားအရေးဆောင်ရွက်သည့် အဖွဲ့တစ်ခုကလည်း ကူညီပေးနေကြောင်း သိရသည် ။
မချိုလွင် ကွယ်လွန်ချိန်၌ ခင်ပွန်းဖြစ်သူနှင့် သမီးတစ်ယောက်ကျန်ရစ်သည် ။
မချိုလွင်၏ ရုပ်အလောင်းကို ပန်ဘူရီမြို့ရှိ ဝပ်ခေါင်ခီရို ဘုန်းကြီးကျောင်းတွင် ငါးရက်ကြာထားရှိပြီးနောက် မီးသင်္ဂြိုဟ် မည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည် ။