သတိပေးချက်
December 22, 2024

တရားမဝင် ဝင်လာသော မြန်မာများစီးလာသည့်ကား ထိုင်းရဲကားကိုဝင်တိုက်၊ ရဲတစ်ဦးသေဆုံး

December 18, 2024

December 18, 2024

ထိုင်းနိုင်ငံ၊ ကန်ဖမ်းဖက်ခရိုင်တွင် တရားမဝင် ဝင်လာသော မြန်မာအလုပ်သမားများ စီးနင်းလိုက်ပါလာသော ကားတစ်စီး သည် ထိုင်းရဲတပ်ဖွဲ့ကားကို ဝင်တိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဒီဇင်ဘာလ ၁၇ ရက်ညက မြန်မာနိုင်ငံသားများ စီးနင်းလာသော ပစ်ကပ်ကားသုံးစီးသည် စစ်ဆေးရေးဂိတ်ကို ရှောင်ပြေး လာပြီးနောက် တစ်စီးက ထိုင်းရဲတပ်ဖွဲ့ဝင်ကားကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက နိုင်ငံခြားသားများ တရားမဝင် ဝင်လာကြောင်း သတင်းကြိုတင်ရရှိထားသဖြင့် အမြန်လမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်ဖွင့်၍ ဂိတ်ချ စစ်ဆေးနေခြင်းဖြစ်သည်။

ည ၁၁ နာရီအချိန်ခန့်တွင် ကားသုံးစီးသည် အမြန်လမ်းအတိုင်း လာနေစဉ် စစ်ဆေးရေးဂိတ်တွင် ရပ်တန့်ရန် အချက်ပြသော်လည်း အရှိန်မလျှော့ဘဲ ဖြတ်မောင်းသွားခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြသည်။

ဂိတ်တွင် ကားတာယာဖောက်ရန် ခင်းထားသော အပြားကိုလည်း ချထားသဖြင့် ကားတစ်စီးသည် ထိုအပြားကို နင်းမိရာမှ ကားဘီးပေါက်သွားခဲ့ကြောင်း ရေးသားထားသည်။

ကားသည် ဘီးပေါက်သွားသော်လည်း အရှိန်မရပ်ဘဲ ဘေးတွင် ရပ်ထားသော ရဲတပ်ဖွဲ့ကားကို ဝင်တိုက်မိရာမှ ထိုင်းရဲတပ်ဖွဲ့ဝင် တစ်ဦး လွင့်ထွက်ပြီး ဓါတ်တိုင်နှင့် တိုက်မိရာမှ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဆိုသည်။

ထိုင်းကားသမားက ထွက်ပြေးရန်ကြိုးစားသော်လည်း ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။

ဖမ်းဆီးရမိသော ကားသမားကို ကျန်ကားနှစ်စီးအား ပြန်လည်ခေါ်ယူစေခဲ့ပြီး စစ်ဆေးရာ ကားများပေါ်တွင် မြန်မာအလုပ်သမား ၁၉ ဦး တင်ဆောင်လာသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းတွင် ရေးသားထားသည်။

မြန်မာအလုပ်သမားများကို တာခ့်ခရိုင် ဝမ်ကျောက်ဒေသကတစ်ဆင့် ဥထိုင်းဌာနီခရိုင်ကို တစ်ဦးလျှင် ပို့ဆောင်ခ ဘတ် ၈၀၀၀ ဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ကားသမားများက ရဲတပ်ဖွဲ့ထံ ဝန်ခံထားသည်။

ညဘက် မှောင်နေသဖြင့် ရဲတပ်ဖွဲ့စစ်ဆေးနေသည်ကို မမြင်ရဘဲ တိုက်မိသွားခြင်းဖြစ်ကြောင်းလည်း ထွက်ဆိုထားသည်ဟု သတင်းများတွင် ဖော်ပြသည်။

တရားမဝင် အလုပ်သမားများ တင်ဆောင်လာမှု၊ ယာဉ်တိုက်မှုများဖြင့် ကားမောင်းသမားများကို အမှုဖွင့်ထားပြီး မြန်မာအလုပ်သမားများကိုလည်း တရားမဝင် ဝင်ရောက်လာမှုဖြင့် အရေးယူထားကြောင်း ဖော်ပြသည်။

Ref: MGR Online, CH 7, Thai PBS