သတိပေးချက်
March 22, 2026

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၅၀ ခန့် ဖမ်းဆီးခံရ

January 19, 2026

January 19, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၅၀ ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့က ကန်ချနဘူရီမြို့ လတ်ရဒေသ အမှတ် ၃၂၃ အမြန်လမ်းမကြီးတွင် မသင်္ကာစရာ ဗန်ကားတစ်စီးကို ကန်ချနဘူရီရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဗန်ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၇ ဦး၊ ကလေး ၅ ဦး စုစုပေါင်း ၄၈ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားကို ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများကို စစ်ဆေးရာ အားလုံးတွင် နိုင်ငံကူးလက်မှတ်၊ တရားဝင် နေထိုင်ခွင့် အထောက်အထားများကို မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများကို နယ်စပ် စန်ခရာဘူရီဒေသမှတစ်ဆင့် ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံအလယ်ပိုင်းသို့ ပို့ဆောင်ပေးရန် တင်ဆောင်လာခြင်းဖြစ်ကြောင်း ကားသမားက ဖြေကြားထားသည်။

လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လတ်ရရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Kanchanaburi News, MGR Online, Siamrath