သတိပေးချက်
March 19, 2026

အယုဒ္ဓယတွင် ဆိုင်ဖွင့်ထားသည့် မြန်မာတစ်ဦးဖမ်းဆီးခံရ

March 19, 2026

March 19, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင် မြန်မာကုန်စုံဆိုင်နှင့် စားသောက်ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးပြီး ဆိုင်ဖွင့်ရောင်းချနေသော မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မတ်လ ၁၈ ရက်က အယုဒ္ဓယခရိုင် ဝမ်နွိုင်ဒေသ ဝမ်ကျူလာနေရာရှိ အလုပ်သမားတိုက်ခန်းတွဲတွင် မြန်မာကုန်စုံဆိုင်နှင့် ထမင်းဆိုင်အား တွဲလျက်ဖွင့်ထားသည့် ဆိုင်ကို လဝကရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။

ကိုယ်တိုင် ဆိုင်ဖွင့်လှစ်ရောင်းချနေသည့် အသက် ၃၃ နှစ်အရွယ် ကိုအောင်ကိုနိုင် စစ်ဆေးတွေ့ရှိခဲ့ပြီး ငွေလက်ခံကောင်တာတွင်လည်း ၎င်းကိုယ်တိုင် လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများသည် ကိုယ်တိုင် ဈေးဆိုင်ဖွင့်၍ ရောင်းချခွင့် မရှိသလို အလုပ်သမားအနေဖြင့်လည်း ဆိုင်ရှေ့ ဈေးရောင်းချ၍ ငွေလက်ခံပိုင်ခွင့်မရှိပေ။

အကယ်၍ အလုပ်ရှင်ထံတွင် ဆိုင်ရှေ့ဈေးရောင်းလိုပါက “ခိုင်ခွန်နာ့လန်း” ဟုခေါ်သည့် ဆိုင်ရှေ့ဈေးရောင်းချခွင့်ကတ်ပြားကို အလုပ်သမားရုံးတွင် လျှောက်ထားပြီး လုပ်ကိုင်ရမည်ဖြစ်သည်။

နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်မှုဖြင့် ကိုအောင်ကိုနိုင် အား အမှုဖွင့်ထားပြီး ဝမ်းနွိုင်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

Ref: Matichon Online, Thai News, Workpoint 23