ထိုင်းအာဏာပိုင်များက မဲဆောက်မြို့တွင် အထောက်အထား မပြည့်စုံဘဲ စျေးရောင်းနေသူများကို တင်းကျပ်စွာ ဖမ်းဆီးလာသည့်အတွက် စျေးရောင်းရပ်ထားရကြောင်း မြန်မာဈေးသည်အချို့က ပြောသည်။
မဲဆောက်မြို့အတွင်း ဇွန်လဆန်းပိုင်းမှစပြီး လျှပ်စစ်စက်ဘီးများ၊ လုပ်ငန်းလိုင်စင်မရှိသည့် သုံးဘီးဆိုင်ကယ် မောင်းသူများကို စစ်ဆေးဖမ်းဆီးမှု ပြုလုပ်လျက်ရှိသည်။
ယင်းအပြင် လုပ်ငန်းလိုင်စင်မရှိဘဲ စျေးရောင်းချနေသူများနှင့် ဆိုင်ဖွင့်ထားသူများကိုလည်း ဖမ်းဆီးမှု တင်းကျပ်လာကြောင်း စျေးရောင်းချနေသူအချို့က ပြောသည်။
“ကျွန်မက ထားဝယ်မြို့ပေါ်ကပဲ ဝရမ်းထွက်ပြီး ဒီဘက်ထွက်ပြေးလာတာ။ အခု(မဲဆောက်မြို့)ဘတ်နူရာ စျေးထဲမှာ ထားဝယ်ငပိထောင်းနဲ့ ဟင်းသီးဟင်းရွက်၊ ခရမ်းချဉ်သီးအစုံပေါ့။လမ်းဘေးစျေးသည်အနေနဲ့ ရောင်းနေတာ။ အခု စျေးသည်တွေကို ဖမ်းတော့ စျေးရောင်းမထွက်ရဲဘူး” ဟု မဲဆောက်မြို့ ဘတ်နူရာဈေးထဲတွင် ဟင်းသီး၊ ဟင်းရွက်ရောင်းချနေသည့် ထားဝယ်သူတစ်ဦးကပြောသည်။
၎င်းအမျိုးသမီးသည် ထားဝယ်မြို့ပေါ်တွင်နေထိုင်သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်လိုက်သဖြင့် ထိုင်းနိုင်ငံထဲ တိမ်းရှောင်လာသူတစ်ဦးဖြစ်သည်။
စျေးရောင်းရန်အတွက် စျေးကောက်အဖြစ် တစ်ရက်က ဘတ် ၂၀၀ နေ့စဉ်ပေးနေရပြီး ယခုမူ စျေးမရောင်းရသည့်အတွက် ၀င်ငွေအခက်အခဲရှိနေကြောင်း ၎င်းကဆက်ပြောသည်။
မဲဆောက်မြို့အတွင်း အအေးဆိုင်ဖွင့်ထားသော မြန်မာအမျိုးသမီးတစ်ဦးကလည်း အဖမ်းအဆီးများနေသည့်အတွက် အထောက်အထားအပြည့်အစုံ ရှိသော်လည်း စျေးရောင်းမည့် တရားဝင်လိုင်စင်မရှိသောကြောင့် စျေးဆိုင်ပိတ်ထားရကြောင်းပြောဆိုသည်။
“ကျွန်မကတော့ အရင်က စက်ရုံအလုပ်သမားပေါ့။ အခုတော့ ပင်ပန်းလာပြီး အလုပ်မလုပ်နိုင်တော့လို့ အအေးဆိုင်လေးဖွင့်တာ တစ်ပတ်လောက်ပဲရှိသေးတယ်။ ဒါပေမဲ့ အဖွဲ့အစည်းဝင်စစ်ဆေးမယ်ဆိုတော့ ကြောက်လို့ လောလောဆယ် ဆိုင်ပိတ်လိုက်တာပါ” ဟု ၎င်းက ပြောသည်။
မြန်မာစျေးသည်အများစုမှာ နေ့စဥ် စျေးရောင်းရငွေဖြင့် အိမ်လခ၊ လျှပ်စစ်မီတာခနှင့် မိသားစုစား၀တ်နေရေးအတွက် ဖြေရှင်းနေကြရသည့်အပြင် နေထိုင်ခွင့် အထောက်အထားနှင့် စျေးရောင်းခွင့်ရရှိရန်အတွက် တစ်လ ဘတ် ၅၀၀၀ နှင့် ၁၀၀၀၀ ကြား ကုန်ကျကြောင်း သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ မြန်မာရွှေ့ပြောင်းနေထိုင်သူ အများအပြား ရောက်ရှိလာကြပြီး နေထိုင်ခွင့်တရား၀င်အထောက်အထား မရှိခြင်း၊ လုပ်ငန်းလိုင်စင် မရှိခြင်းကြောင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို မကြာခဏခံနေကြရသည်။