သတိပေးချက်
December 22, 2024

သံစက်ရုံတွင် သက်တမ်းတိုးခ လျှော့ပေးရန် တောင်းဆိုသော မြန်မာလုပ်သားများကို ဖမ်းဆီး

December 19, 2024

December 19, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်စခွန်ခရိုင် အုန်းနွဲ့၊ အုန်းယိုင်ဒေသရှိ သံစက်ရုံတွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းတိုးကုန်ကျစရိတ်များနေ၍ လျှော့ချပေးရန် တောင်းဆိုနေသည့် မြန်မာအလုပ်သမားများကို ထိုင်းရဲက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ မြန်မာအလုပ်သမားလေးဦး ဖမ်းဆီးခံထားရကြောင်း AAC မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းကုန်မည်ဖြစ်၍ ဖိကဆင်လမ်းရှိ BIS PIPE သံစက်ရုံတွင် အလုပ်သမားများ သက်တမ်းတိုးရန် စက်ရုံဘက်က တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ အထိ ကောက်ခံနေကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

သက်တမ်းတိုးစရိတ် များပြားနေသဖြင့် လျှော့ချပေးရန် မြန်မာအလုပ်သမား ၃၀၀ ခန့်က ယနေ့ နံနက်ပိုင်း အလုပ်မဝင်ခင် စုပေါင်းတောင်းဆိုခဲ့ရာ စက်ရုံဘက်က ဖြေရှင်းမပေးသည့်အပြင် ရဲတပ်ဖွဲ့များကို ခေါ်ယူ၍ ဖမ်းဆီးစေခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော MHAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောသည်။

“နှစ်နှစ်သက်တမ်းတိုးခ စျေးအဆမတန် ကောက်ခံလို့ စျေးလေးနည်းနည်းလျှော့ပေးဖို့ ငြိမ်းချမ်းစွာတောင်းဆိုတဲ့ မြန်မာလုပ်သားတွေကို ယခုလို ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက် လက်ထိပ်ခတ် ဖမ်းဆီးတာက အလုပ်သမားအခွင့်အရေးအရရော လူ့အခွင့်အရေးအရရော ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး” ဟု ကိုရဲမင်းက ဆိုသည်။

ယခုဖြစ်ရပ်အတွက်လည်း ထိုင်းနိုင်ငံ အာဏာပိုင်များက အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် ၎င်းက တိုက်တွန်းထားသည်။

လတ်တလောတွင် ထိုင်းစက်ရုံများက အလုပ်သမားများထံမှ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန် ကုန်ကျငွေ ဘတ် ၁၀,၀၀၀ ကျော်အထိ ကောက်ခံမှုများနေသဖြင့် မြန်မာအလုပ်သမားများက ဈေးနှုန်းလျှော့ပေးရန် တောင်းဆိုမှုများ ဆက်တိုက်မြင်တွေ့လာနေရသည်။

ထို့ကြောင့် မြန်မာအလုပ်သမားများအနေဖြင့် စက်ရုံများတွင် ညီညီညွတ်ညွတ်ဖြင့် တောင်းဆိုကြရန်လည်း အလုပ်သမားအဖွဲ့အစည်းများက တိုက်တွန်းထားသည်။