သတိပေးချက်
December 22, 2024

အလုပ်လုပ်ခွင့် သက်တမ်းတိုးရာတွင် မြန်မာသံရုံးမပါရေး ထိုင်းအလုပ်ရှင်များ လွှတ်တော်တင်

December 19, 2024

December 19, 2024
ပုံစာ - ၂၀၂၃ ခုနှစ်က သံရုံးတွင် စာအုပ်သက်တမ်းလာတိုးသူများ။

အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်တော့မည့် ထိုင်းရောက် မြန်မာအလုပ်သမားများသည် လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ရမည့် သက်တမ်းတိုးလုပ်ငန်းစဉ်တွင် ဘန်ကောက်အခြေစိုက် မြန်မာသံရုံးမပါရေးအတွက် ထိုင်းလုပ်ငန်းရှင်များအဖွဲ့က လွှတ်တော်ထဲ တင်ပြဆွေးနွေးခဲ့ကြောင်း မြန်မာအလုပ်သမားအဖွဲ့ Labour Rights Foundation ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က လွှတ်တော်ရှိ အလုပ်သမားရေးရာကော်မတီထံတွင် MoU လုပ်ငန်းစဉ်ဖြင့် သက်တမ်းတိုးမည့်အပေါ် အလိုမရှိကြောင်း တင်ပြဆွေးနွေးခဲ့သည်ဟု အဖွဲ့ထံမှသိရသည်။

မြန်မာအလုပ်သမားများသည် မြန်မာသံရုံးသို့ ချိတ်ဆက်စရာမလိုပဲ ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးပြီး ၄ နှစ် နေထိုင်ခွင့်ရရှိရေး၊ စစ်ကောင်စီထံ အခွန်မဆောင်ရေးနှင့် အလုပ်သမားအချက်အလက်များကို မပေးရရေး ထိုင်းလုပ်ငန်းရှင်များအသင်းကို အဖွဲ့အနေဖြင့် ထောက်ပြခဲ့ကြောင်း Labour Rights Foundation အဖွဲ့က ကိုဇော်က ပြောသည်။

“လုပ်ငန်းရှင်များအသင်းက အဓိက ထောက်ပြနေတာက MoU နဲ့ သက်တမ်းမတိုးရေး၊ သံရုံးထံ ငွေမစီးဆင်းရေး၊ အချက်အလက်တွေ မပေးရရေးတွေ ပါတယ်” ဟု ကိုဇော်က ဆိုသည်။

လုပ်ငန်းရှင်များအသင်းကလည်း မြန်မာအလုပ်သမားများအနေဖြင့် ယခုလုပ်ဆောင်မှုကို ထောက်ခံပါက Facebook လူမှုကွန်ရက်စာမျက်နာတွင် +1 ဟု မှတ်ချက်ပေးရန် တောင်းဆိုခဲ့ရာ မှတ်ချက်ပေးသူပေါင်း ၃၀၀၀ ခန့်အထိ ရှိခဲ့သည်။

သက်တမ်းတိုးရမည့် မြန်မာအလုပ်သမားအရေအတွက် ၂ သန်းကျော်ရှိနေသဖြင့် MoU လုပ်ငန်းစဉ်အရ သက်တမ်းတိုးရပါက စစ်ကောင်စီ၏ သံရုံးထံသို့ ဘတ်ငွေ သန်းပေါင်း ၉၀၀၀ ခန့်အထိ စီးဝင်သွားမည်ဟု လုပ်ငန်းရှင်များအသင်းက တွက်ချက်ခဲ့ကြောင်း ၎င်းကဆိုသည်။

သက်တမ်းတိုးလုပ်ငန်းစဉ်များကို ယခု ဒီဇင်ဘာလမှစ၍ လာမည့် ဖေဖော်ဝါရီ ၁၃ ရက်ထိ နောက်ဆုံးထား ပြုလုပ်ရမည်ဟု ကြေညာထားသော်လည်း မည့်သည့်လုပ်ငန်းစဉ်ကို အပြီးလုပ်ဆောင်ရမည်ကို တိတိကျကျ ညွှန်ကြားထားခြင်းမရှိသေးပေ။

စစ်ကောင်စီက သက်တမ်းတိုးမည့် မြန်မာအလုပ်သမားများထံမှ အခွန် ဘတ် သန်း ၅၀၀၀ ကောက်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကန့်ကွက်မှုများလာသဖြင့် အခွန်ကောက်ရေး နည်းလမ်းပြောင်းခဲ့ကာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမှသာ ကောက်ယူတော့မည်ဟု ကြေညာခဲ့ရသည်။

သို့သော်လည်း မိသားစုလွှဲပြောင်းငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင် ဘဏ်များကတစ်ဆင့် မြန်မာပြည်သို့ လွှဲပြောင်းပေးပို့ရန် စစ်ကောင်စီက အေဂျင်စီများနှင့် မြန်မာအလုပ်သမားများကို ဖိအားပေးနေသေးကြောင်း အလုပ်သမားများထံမှ သိရသည်။

လက်ရှိတွင် နှစ်နှစ်သက်တမ်းတိုးမည့် ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ အေဂျင်စီများ၊ စက်ရုံများ၊ အလုပ်ရှင်များက ဈေးနှုန်း ဘတ် ၁၀၀၀၀ နှင့်အထက် သတ်မှတ်၍ ကောက်ခံနေခြင်းကြောင်း သက်တမ်းတိုး ကုန်ကျစရိတ်လျှော့ချပေးရေး ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပေါ်လျက် ရှိနေသည်။