သတိပေးချက်
June 23, 2025

အယုဒ္ဓယတွင် မြန်မာအမျိုးသမီးတစ်ဦး အိမ်သာထဲ ကလေးမွေး

March 20, 2023

March 20, 2023
Ref: Khaosod Online, Sanook, The Thaiger

ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတစ်ဦး ဗိုက်နာသဖြင့် အိမ်သာသွားရာမှ အိမ်သာအတွင်း ကလေးမွေးဖွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရသိရသည်။

မတ်လ ၁၉ ရက်နေ့ညပိုင်းက အယုဒ္ဓယခရိုင် ဘန့်ပအင်းဒေသ အဆောင်ခန်းအတွင်းရှိ အိမ်သာထဲတွင် မြန်မာမိန်းကလေးတစ်ဦး ကလေးမွေးဖွားနေကြောင်း သတင်းရရှိသဖြင့် အယုဒ္ဓယခရိုင် ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

အိမ်သာထဲတွင် ကလေးမီးဖွားထားသော အသက် ၂၉ နှစ်အရွယ် မြန်မာမိန်းကလေးကို တွေ့ရှိရပြီး မွေးထားသောကလေးမှာ မိန်းကလေးဖြစ်ကြောင်း ထိုင်းသတင်းများကဆိုသည်။

ကလေးငယ်ကို တွေ့ရှိချိန်တွင် ခန္ဓာကိုယ်မှာ အရောင်ပြောင်းနေသော်လည်း နှလုံးခုန်နေသေးသဖြင့် ကနဦး ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပေးခဲ့ကာ မိခင်နှင့်အတူ အယုဒ္ဓယဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အချိန်မီဆေးကုသမှု ခံယူလိုက်သဖြင့် မိခင်ဖြစ်သူမှာ အသက်အန္တရာယ် မစိုးရိမ်ရတော့သော်လည်း ကလေးငယ်မှာ အရေးပေါ် စောင့်ကြည့်နေရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာမိန်းကလေးသည် အခန်းဖော် ၂ ဦးနှင့်အတူ နေထိုင်နေခြင်းဖြစ်ပြီး အိမ်သာထဲကလေးမွေးဖွားသည်ကို သူငယ်ချင်းဖြစ်သူတွေ့ရှိသဖြင့် ကယ်ဆယ်ရေးအဖွဲ့ထံသို့ အကူညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း‌ သတင်းများတွင် ဖော်ပြထားသည်။