သတိပေးချက်
June 20, 2025

ထိုင်းနိုင်ငံသားက မြန်မာလုပ်သားများကို သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရ

June 20, 2025

June 20, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် ဝိုင်းဖွဲ့စားသောက်နေသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖပဲဒဲန်ဒေသ ဘန်းကစိုနေရာတွင် ဇွန်လ ၁၈ ရက် ညက မြန်မာအလုပ်သမားများသည် နေထိုင်ရာ အခန်းများရှေ့ အတူဝိုင်းဖွဲ့ စားသောက်၍ စကားပြောနေကြစဉ် ထိုင်းနိုင်ငံသားက အခန်းတွဲရှေ့သို့ လာရောက်ပြီး သေနတ်ဖြင့် ၈ ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် အသက် ၃၄ နှစ်အရွယ် မဝေဝေလွင်နှင့် အသက် ၁၈ နှစ်အရွယ် မောင်ရန်ပိုင်တို့နှစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိကြောင်း ဖော်ပြသည်။

ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးစဉ် မဝေဝေလွင်သည် လမ်းတွင်ပင် သေဆုံးခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။

သေနတ်ပစ်ခတ်သူသည် အသက် ၅၂ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် အရက်မူးနေကြောင်း ဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီး နာရီပိုင်းအကြာတွင် အဆိုပါထိုင်းနိုင်ငံသားကို ဖပဲဒဲန်ဒေသထဲတွင်ပင် ရဲတပ်ဖွဲ့က သေနတ်၊ ကျည်ဆံ သက်သေများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးခံရချိန်အထိ အရက်မူးနေသေးကြောင်း သတင်းများတွင် ဖော်ပြသည်။

အခင်းမဖြစ်ပွားမီ ထိုင်းနိုင်ငံသားသည် ၎င်း၏ သူငယ်ချင်းအိမ်တွင် အရက်သောက်နေကြောင်း ဆိုသည်။

ယင်းအချိန် မြန်မာနိုင်ငံသား ၇ ဦးခန့်က အခန်းရှေ့ စားပွဲခုံတွင် အတူစားသောက်၍ စကားများနေခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြသည်။

စကားသံများ ဆူညံသည်ကို စိတ်တိုပြီး အခန်းများရှေ့သို့ သွားရောက်၍ အော်ဟစ်ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံသားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားကြောင်း ဖော်ပြသည်။

လူသတ်မှု၊ လူသတ်ရန် ကြံစည်မှုနှင့် အများပြည်သူနေရာများတွင် သေနတ်ကိုင်ဆောင်ထားမှုဖြင့် ထိုင်းနိုင်ငံသားကို အမှုဖွင့်အရေးယူထားပြီး ဖပဲဒဲန်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ဆိုသည်။

Ref: CH 8, CH 7