သတိပေးချက်
August 22, 2025

ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင် ဝင်လာသော မြန်မာ ၄၀ နီးပါး ဖမ်းဆီးခံရ

August 20, 2025

August 20, 2025

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာပြီးနောက် သောင်ရင်းမြစ်ဘေး ချုံတောထဲတွင် လမ်းလျှောက်နေသော မြန်မာနိုင်ငံသား ၄၀ နီးပါးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဩဂုတ်လ ၁၉ ရက် ညနေ ၃ နာရီခန့်က ဖို့ဖရာဒေသ ဝါလေရွာအနီး သောင်ရင်းမြစ်ဘေးက နယ်စပ်ဒေသများကို ထိုင်းနယ်ခြားစောင့်တပ်များက ကင်းလှည့် စစ်ဆေးနေစဉ် ချုံတောထဲတွင် လူအုပ်စုလိုက် လမ်းလျှောက်နေသည်ကို တွေ့ရှိကြောင်း ဖော်ပြသည်။

အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၃၇ ဦး ပါဝင်ပြီး ၎င်းတို့တွင် တရားဝင် နယ်စပ်ဖြတ်ကျော်ခွင့် စာရွက်စာတမ်းများကို မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများသည် ကရင်ပြည်နယ် နယ်စပ်မှတစ်ဆင့် ဝါလေဒေသထဲသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာကြကြောင်း အာဏာပိုင်များက ပြောဆိုထားသည်။

မြန်မာများကို သတ်မှတ်နေရာသို့ ရောက်ရှိပါက ပွဲစားက လာကြို၍ ထိုင်းနိုင်ငံထဲ ပို့ဆောင်ပေးမည်ဟု ပြောဆိုကြကြောင်း သတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားအားလုံးကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် အရေးယူထားပြီး ဖို့ဖရာ့ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သော ဩဂုတ်လ ၁၇ ရက်ကလည်း မလေးရှားနိုင်ငံသို့ သွားရောက်ရန် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသည့် မြန်မာနိုင်ငံသား ၁၃ ဦး ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်တွင် ဖမ်းဆီးခံရသေးသည်။

Ref: CH 7, Daily News