သတိပေးချက်
September 25, 2025

ချင်းမိုင်-ဘန်ကောက် အဝေးပြေးဘတ်စ်ကားပေါ်တွင် တရားမဝင် ဝင်လာသော မြန်မာ ၁၈ ဦး ဖမ်းဆီးခံရ

September 20, 2025

September 20, 2025

ထိုင်းနိုင်ငံ ချင်းမိုင်-ဘန်ကောက်ပြေးဆွဲနေသော အဝေးပြေးဘတ်စ်ကားပေါ်တွင် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ ညက လမ်ဖွန်းခရိုင် စစ်ဆေးရေးဂိတ်တွင် အဝေးပြေးဘတ်စ်ကားတစ်စီးကို ရဲတပ်ဖွဲ့များ စစ်ဆေးရာမှ တရားမဝင် လိုက်ပါလာ‌သော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ကားပေါ်တွင် ယာဉ်မောင်းသမား၊ ယာဉ်နောက်လိုက်နှင့် မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၂ ဦး လိုက်ပါလာသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသား လေးဦးသည် ကားသမား ထိုင်ခုံနောက်ဘက်တွင် ပုန်း၍ လိုက်လာကြပြီး ကျန် ၁၄ ဦးသည် ကားထိုင်ခုံများတွင် လိုက်ပါလာခြင်းဖြစ်သည်။

ကားထိုင်ခုံနေရာများကို စစ်ဆေးရာ အမည်နှင့် လိုက်ပါလာသူတို့ မတူညီကြသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ထပ်မံစစ်ဆေးရာမှ အထောက်အထားမရှိသော မြန်မာနိုင်ငံသားများဖြစ်နေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများနှင့်အတူ ကားသမားနှစ်ဦးကို ဖမ်းဆီးခဲ့သည်။

မြန်မာနိုင်ငံသားများသည် မယ်ဆိုင်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်လာကြပြီး ဘန်ကောက်သို့ သွားရန် ပွဲစားကို တစ်ဦး ဘတ် ၁၅၀၀၀ ပေး၍ လိုက်ပါလာခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။

ချင်းမိုင်အဝေးပြေးကားဝင်းထဲမှ မြန်မာနိုင်ငံသားများကို ခေါ်လာခြင်းဖြစ်ကြောင်း ကားသမားများက ဖြေကြားထားသည်။

လက်ရှိတွင် ကားသမားများကို တရားမဝင် ဝင်လာသော နိုင်ငံခြားသားများကို ကူညီပို့ဆောင်ပေးမှုနှင့် မြန်မာနိုင်ငံသားများကို တရားမဝင် ဝင်လာမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Ref: MGR Online, Chiangmai News