သတိပေးချက်
September 25, 2025

ထိုင်းတွင် ဆယ်ကျော်သက်အရွယ် မြန်မာမိန်းကလေး အဓမ္မပြုကျင့်ခံရ

September 20, 2025

September 20, 2025
ပုံစာ - ကျူးလွန်သူ အမျိုးသားကို AAC မဟာမိတ်အဖွဲ့က ရဲတပ်ဖွဲ့နှင့်အတူ သွားရောက်ရှာဖွေစဉ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် ဆယ်ကျော်သက် မြန်မာအမျိုးသမီးတစ်ဦးကို မြန်မာအမျိုးသားက အဓမ္မပြုကျင့်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော စက်တင်ဘာလ ၂ ရက်နေ့က နောင်ခယ်ဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် အသက် ၂၈ နှစ်အရွယ် အိမ်ထောင်ရှင် မြန်မာအမျိုးသားက အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးကို အိမ်သာထဲခေါ်ပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

အဓမ္မပြုကျင့်သူသည် မိန်းကလေးငယ်နှင့် ခဲအိုတော်စပ်ပြီး အမအရင်း၏ အမျိုးသားဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဆိုဒ်ထဲတွင် အတူတူ အလုပ်လုပ်ကိုင်နေစဉ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ်ကို မိန်းကလေးငယ်က မိခင်ဖြစ်သူကို ပြန်လည်ဖွင့်ပြောခဲ့သဖြင့် ဖြစ်စဉ်အကုန် သိရှိခဲ့ခြင်းဖြစ်သည်။

မိခင်ဖြစ်သူက အဓမ္မပြုကျင့်သော အမျိုးသားကို သွားရောက်ပြောဆိုစဉ် အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခံရသူဖြင့် AAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

“လက်ရှိကတော့ ကျူးလွန်တဲ့သူက ထွက်ပြေးနေတယ်။ အဝေးကနေတောင် ဖုန်းထဲကနေ အသံဖိုင်တွေနဲ့ ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး ခြိမ်းခြောက်နေတုန်းပဲလို့ ပြောတယ်” ဟု AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က AAC မဟာမိတ်အဖွဲ့နှင့်အတူ ရဲတပ်ဖွဲ့က အခင်းဖြစ်သော နေရာတွင် ကျူးလွန်သူ အမျိုးသားကို သွားရောက်ဖမ်းဆီးခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဦးခိုင်ကြီးက ပြောသည်။

လက်ရှိတွင် အဓမ္မပြုကျင့်ခံရမှုဖြစ်စဉ်နှင့် ပက်သက်၍ ကျူးလွန်သူအမျိုးသား၏ အချက်အလက်များကို သိမ်းဆည်း၍ အမှုဖွင့် တိုင်ကြားထားပြီး ဖမ်းဆီးရမိရေး ဆက်လုပ်နေဆဲဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ထိုင်းရောက် မြန်မာအမျိုးသမီးများအနေဖြင့် မိသားစုဝင်များရှိပါက ၎င်းတို့နှင့်အတူ နေထိုင်လုပ်ကိုင်သင့်ပြီး အခြားနေရာများတွင် တစ်ယောက်တည်း သွားရောက်လုပ်ကိုင်ခြင်းများအတွက် အထူးသတိထားကြရန် လိုအပ်ကြောင်း AAC မဟာမိတ်အဖွဲ့က တိုက်တွန်းထားသည်။