သတိပေးချက်
December 23, 2024

ထိုင်းတွင် မြန်မာအချင်းချင်း ဓားဖြင့်ထိုးပြီး လမ်းဘေးတွင်ပစ်ထားသော အလောင်းတွေ့

October 20, 2024

October 20, 2024

ထိုင်းနိုင်ငံ ဖေ့ချ်ဘွန်ခရိုင် လွမ်စက်ဒေသ ဘုန်းကြီးကျောင်းအနီး လမ်းဘေးတွင် အသတ်ခံထားရသော မြန်မာအမျိုးသားတစ်ဦး၏ အလောင်းကို အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

သေဆုံးသူသည် အသက် ၄၈ အရွယ် ကိုအောင်မင်းဌေးအမည်ရှိ မြန်မာအမျိုးသားဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်မှုအရ မြန်မာအချင်းချင်း သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ တရားခံဟု ယူဆရသူကို ဖမ်းဆီးမိထားပြီး သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထားသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

သေဆုံးသွားသော အမျိုးသားသည် ဗုဒ္ဓကောလိပ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပြီး အနီးရှိ အလုပ်သမားတန်းလျားတွင် အခြားမြန်မာအလုပ်သမားများနှင့်အတူ နေထိုင်သူဖြစ်ကြောင်း နီးစပ်သူတစ်ဦး၏ ဖြေကြားချက်ကို ဖော်ပြထားသည်။

သူမသေဆုံးမီညက ဝိုင်းဖွဲ့အရက်သောက်နေကြစဉ် အခြားသူငယ်ချင်းတစ်ဦးနှင့်အတူ အရက်ထပ်ဝယ်ရန် ထွက်သွားရာမှာ ပြန်မရောက်လာပဲ အလောင်းကို ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း ရေးသားထားသည်။

သူနှင့်အတူ ထွက်သွားသော သူငယ်ချင်းဖြစ်သူမှာ ပျောက်နေသဖြင့် ရဲတပ်ဖွဲ့က ရှာဖွေနေခဲ့ရာ ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

လူသတ်မှု ကျူးလွန်ခဲ့သည်ဟုဆိုသူမှာ အသက် ၂၀ အရွယ် ကိုလင်းလင်းအေးအမည်ရှိ မြန်မာအမျိုးသားဖြစ်ပြီး စီနီယာ၊ ဂျူနီယာကြား အချင်းများခဲ့ပြီး သတ်မိခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံထားကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဖော်ပြထားသည်။

အပြင်ထွက်သွားသည့်အချိန် အချင်းချင်းစကားများခဲ့ကြပြီး သေဆုံးသူက ဓါးကို ယူထုတ်၍ ၎င်းကို့ ရန်ပြုရန် ကြိုးစားခဲ့သဖြင့် ဓါးကိုဆွဲလုပြီး သတ်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူ၏ ဝန်ခံချက်ကို ဖော်ပြထားသည်။

အလောင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ မျက်နှာအရေပြားပေါက်ပြဲဒဏ်ရာများ၊ နားပြတ်ဒဏ်ရာ၊ ပါးစပ်နား မီးလောင်ဒဏ်ရာများကို တွေ့ရှိရသဖြင့် မသေဆုံးမီ နှိပ်စက်ခံထားရကြောင်း ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။

ကျူးလွန်သည်ဟု ယူဆရသူက ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်မှုကျူးလွန်ချိန်တွင် အရက်မူးနေသဖြင့် မျက်နှာကိုဓါးဖြင့် လှီးခဲ့ပြီး မီးဖြင့်ရှို့ခဲ့ပြီးနောက် တောထဲ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Thairath, Khaosod, MGR Online, komchadluek