သတိပေးချက်
August 22, 2025

AAC ရုံး ဖြိုခံရပြီး လေးလအကြာ

August 21, 2025

August 21, 2025

ထိုင်းနိုင်ငံမဟာချိုင်တွင် နေစရာမရှိ၊ စားစရာနတ္ထိဖြစ်နေသော မြန်မာနိုင်ငံသား မသန်စွမ်းများမှာ အားကိုးရာမဲ့နေကြသည်။

ခြေပြတ်၊ လက်ပြတ်ဖြစ်ပြီး တစ်ဦးတည်း ရပ်တည်နိုင်ခြင်းမရှိသလို အလုပ်လုပ်နိုင်စွမ်း မရှိဖြစ်နေသော အဆိုပါမြန်မာနိုင်ငံသားများမှာ ထိုင်းစက်မှုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရင်း ယင်းသို့မသန်စွမ်းသည့် အခြေအနေရောက်သွားရခြင်းဖြစ်သည်။

ယခင်က AAC မဟာမိတ်ရုံးတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် ကိုယ်လက် အင်္ဂါဆုံးရှုံးပြီး ဒုက္ခရောက်နေသူများ၊ အသက်ဆုံးရှုံးသူများ၏ မိသားစုဝင်များ၊ MoU စနစ်ဖြင့် စေလွှတ်ထားပြီး အလုပ်မရရှိပဲ အခက်အခဲဖြစ်နေသူ၊ လုပ်အားခမရရှိသူများ၊ အလုပ်ထုတ်ခံရသူများ၊ သက်ကြီးရွယ်အိုများ ခိုလှုံနေကြသည်။

သို့သော် AAC မဟာမိတ်အဖွဲ့ရုံးမှာ ထိုင်းအစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိ၍ဟုဆိုကာ ဖြိုဖျက်ပေးရန် ယခုနှစ် ဧပြီလ ၂၃ ရက်နေ့က ထိုင်းအာဏာပိုင်များက အမိန့်စာထုတ်ညွှန်ကြားခဲ့သည်။

မေလ ၁ ရက်နေ့တွင် မဟာချိုင်ရှိ AAC မဟာမိတ်ရုံးထဲသို့ ထိုင်းအာဏာပိုင်များ အတင်းဝင်ရောက်လာပြီး ရုံးအဆောက်အအုံများကို အတင်းအကျပ် ဖြိုဖျက်ခဲ့သဖြင့် ရုံးတွင် ခိုလှုံနေကြသော မြန်မာအလုပ်သမားအများစု နေစရာပျောက်ဆုံးခဲ့ကြရသည်။

AAC မဟာမိတ်အဖွဲ့သည် ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာအလုပ်သမားအရေးနှင့် ပက်သက်၍ ကူညီဆောင်ရွက်ပေးနေသည်မှာ ၁၀ နှစ်ဝန်းကျင်ရှိလာပြီဖြစ်သော်လည်း ယခုမှ တရားမဝင်ဟုဆိုကာ ထိုင်းအစိုးရက အရေးယူလာခြင်းဖြစ်သည်။

ရုံးဖြိုဖျက်ခံလိုက်ရမှုကြောင့် ယင်းရုံးတွင်ခိုလှုံနေသော မသန်စွမ်းမြန်မာအလုပ်သမားများအပါအဝင် အလုပ်လက်မဲ့ မြန်မာအလုပ်သမားများမှာ အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။

လုပ်ငန်းခွင် မတော်တဆမှုကြောင့် ကိုယ်အင်္ဂါဆုံးရှုံးပြီး မသန်စွမ်းဖြစ်နေသော မြန်မာအလုပ်သမားများမှာ အခက်အခဲများ ပိုမိုကြုံတွေ့နေရပြီး ရုံးစတင်ဖြိုခံရသည့်နေ့မှ လေးလနီးပါးကြာလာသည်အထိ နေရာအတည်တကျမရှိသလို အစားအသောက်ပင် ခက်ခဲလာနေသည်။

နေစရာမဲ့

လက်ရှိ AAC ရုံးက ကူညီပေးထားသော ဒုက္ခသည်အများစုမှာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများ၊ မသန်စွမ်းဖြစ်သူသွားများ ဖြစ်သည်။

ရုံးမဖြိုဖျက်မီ ယခင်က မြန်မာနိုင်ငံသား မသန်စွမ်း ဒုက္ခသည် ၂၀ ခန့်ရှိပြီး လက်ရှိအချိန် အချို့မှာ နစ်နာကြေးရရှိပြီးနောက် မြန်မာပြည်ပြန်သွားကြပြီဖြစ်သည်။

လက်ရှိ ရုံးက ဆက်လက်ကူညီဆောင်ရွက်ပေးနေရသော မသန်စွမ်း ဒုက္ခသည် ၁၁ ဦးရှိနေဆဲဖြစ်ပြီး ၎င်းတို့ထဲတွင် စတီးရိုးထည့်ထားသူ၊ ပေါင်ဖြတ်ထားသူ၊ အောက်ပိုင်း လှုပ်မရဖြစ်နေသူ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးထားရသူများ ပါဝင်သည်။

AAC ရုံး ဖြိုဖျက်ခံရပြီးနောက် မသန်စွမ်း ဒုက္ခသည်များသည် သွားလာရွှေ့ပြောင်းရန် မလွယ်ကူသည့်အပြင် နေထိုင်ရေးအတွက် ပိုအခက်အခဲဖြစ်နေရကြောင်း AAC မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

“သူတို့ကို အခန်းငှားပြီး ထားထားရတော့ အခက်အခဲဖြစ်တာပေါ့ဗျာ။ အခန်းပိုင်ရှင်တွေက လူနာကြီးကို (အခန်းမှာ) မထားချင်ကြဘူးလေ။ ခါးတစ်ပိုင်းသေနေတဲ့သူတို့၊ လည်ပင်းဖောက်ထားတဲ့ လူနာတွေဆို အိမ်ရှင်တွေကလက်မခံဘူး။ အဲဒီတော့ ကျွန်တော်တို့က ခဏလေး ထားထားမယ်ဆိုပြီးတော့ ငှားရတယ်။ တစ်လလောက်ကြာရင် တစ်နေရာပြောင်း အဲလို လှည့်ပြီးတော့ ထားနေရတယ်” ဟု AAC မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ဆိုသည်။

AAC ရုံးကို ပြီးခဲ့သော မေလ ၁ ရက်နေ့ကတည်း ဖြိုဖျက်ပြီးနောက်ပိုင်း ယခု ဩဂုတ်လအထိ တစ်လတစ်ကြိမ်နှုန်းဖြင့် ရွှေ့ပြောင်းနေထိုင်ရသည်မှာ သုံးကြိမ်အထိ ရှိနေပြီဖြစ်ကြောင်း ဦးခိုင်ကြီးက ပြောသည်။

ယခင်က ဒုက္ခသည်များကို AAC ရုံးတွင် အခမဲ့ ကူညီစောင့်ရှောက်ပေးနိုင်သော်လည်း လက်ရှိအချိန်တွင်မူ လစဉ်အခန်းခများကို ဒုက္ခသည်များကိုယ်တိုင် ကျခံနေကြရသည်။

အဆိုပါ မသန်စွမ်း ဒုက္ခသည်များမှာ ထိုင်းစက်ရုံများတွင် အလုပ်လုပ်ရင်း လုပ်ငန်းခွင် မတော်တဆမှုကြောင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဆုံးရှုံးလိုက်ရသူများဖြစ်သည်။

“လူက အသွားအလာကို နည်းနည်းပဲနိုင်တယ်။ လူကောင်းတွေလိုမျိုး လက်ကိုင်တာတွေ မမြဲတော့ဘူး။ လက်ညှိုးတွေလည်း ဖြတ်ထားရတယ်ဆိုတော့ ကိုင်လို့ မရတော့ဘူးပေါ့။ အမှုလိုက်နေရတာ တစ်နှစ်လောက်ရှိသွားပြီ။ မပြတ်သေးဘူး။ သူဌေးက ပကန် (ကျန်းမာရေးအာမခံ) ကိုလွှဲလိုက် ပကန်က သူဌေးကို ပြန်လွှဲလိုက်နဲ့ အမှုက ကြာနေတာ။ အဲအတွက် စာတင် စာကျနဲ့တောင် တော်တော်ကြာတယ်” ဟု အသက် ၃၅ နှစ်အရွယ် ထားဝယ်ဒေသခံ အမျိုးသားတစ်ဦးကဆိုသည်။

၎င်းမှာလွန်ခဲ့သည့် တစ်နှစ်ကျော်က ချွန်ဖော်ခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်နေရင်း လုပ်ငန်းခွင်အတွင်း ဓါတ်လိုက်ခံရသဖြင့် ခြေတစ်ဖက်ဖြတ်လိုက်ရသလို လက်ညှိုးများလည်းဖြတ်လိုက်ရကာ လက်ရှိ အကြောဆွဲနေသဖြင့် အလုပ်မလုပ်နိုင်ဘဲ ဖြစ်နေသူဖြစ်သည်။

ယင်းအမျိုးသား ကဲ့သို့ပင် လုပ်ငန်းခွင့် မတော်တဆမှုကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးလိုက်ရသော်လည်း ထိုက်သင့်သည့် လျော်ကြေးမရသူများရှိသလို၊ လျော်ကြေးအတွက် နှစ်ရှည်တရားရင်ဆိုင်နေရသူများလည်း ရှိနေသည်။

ယင်းသို့ ကာလရှည် တရားရင်ဆိုင်နေကြရသဖြင့် နေရပ်ကို မပြန်နိုင်သလို အလုပ်လည်း မလုပ်နိုင်သဖြင့် AAC ရုံးတွင် မှီခိုနေထိုင်ကာ တရားရုံးအဆုံးအဖြတ်ကို စောင့်နေကြခြင်းဖြစ်သည်။

“သူတို့က လက်ရှိ တရားရင်ဆိုင်နေရဆဲဖြစ်နေတော့ ပြန်လို့ အဆင်မပြေသေးဘူးပေါ့ဗျာ။ အချို့ဆို တရားရုံးမှာ တရားရင်ဆိုင်နေရတာတောင် တစ်နှစ်နဲ့ ၈ လရှိနေပြီ။ အခုထိပေါ့။ သူတို့ နစ်နာကြေး ရဖို့အခြေအနေရှိပါတယ်။ တရားရုံးတွေက အမိန့်ချလို့ ရှိရင်။ တခါတလေ သုံးနှစ် လေးနှစ်လောက် ကြာမှ အမိန့်ချတယ်။ သက်သေမခိုင်လုံရင်ပေါ့။ အစိုးရက ပေးရမယ်ဆိုရင် ကြာတယ်ပေါ့” ဟု ဦးခိုင်ကြီးက ရှင်းပြသည်။

အလုပ်ရှင်များက တာဝန်ယူဖြေရှင်းပါက လေးလမှ ခြောက်လအတွင်း ပြီးပြတ်သော်လည်း အလုပ်ရှင်က တာဝန်မယူခြင်း၊ အလုပ်ရှင်ကို ဆက်သွယ်ရခက်ခဲနေခြင်းတို့ဖြစ်ပါက နှစ်ချီကြာသွားတတ်သည်ဟု ၎င်းကဆိုသည်။

 နစ်နာကြေးရသော်လည်း နေရပ်မပြန်နိုင်

AAC ရုံးက ဆက်လက်ကူညီပေးနေသည့် ဒုက္ခသည်များအနက် ထိုင်းအစိုးရထံမှ ဥပဒေအရ နစ်နာကြေး ရရှိပြီးသူ ၂ ဦးရှိသည်။

“နှစ်ဦးစလုံးက လွန်ခဲ့တဲ့ ၂ နှစ်ခန့် ၂၀၂၃ ခုနှစ်ကတည်းက ဖြစ်ခဲ့တာ။ တစ်ဦးက နခွန်စဝမ်ခရိုင် ကားဝပ်ရှော့ရုံတွင် အလုပ်လုပ်ရင်း အလုပ်သမားက ကားအောက်မှာ ဝိုင်ယာကြိုးတွေနဲ့ အလုပ်လုပ်နေတာကို မမြင်ဘဲနဲ့ အလုပ်ရှင်က ကားမောင်းမိရင်း တက်ကြိတ်မိသွားတာ၊ အဲဒါနဲ့ အောက်ပိုင်းလှုပ်မရတော့ပဲ သေသွားတာပေါ့။ နောက်တစ်ယောက်က ထိုင်းတောင်ပိုင်း ဟတ်ယိုင်မှာ ၂ တန်လောက်ရှိတဲ့ စက္ကူတုံးကြီး ပြုတ်ကျလို့ အောက်မှာ ပိမိသွားတာ။ သူလည်း အောက်ပိုင်း လှုပ်မရတော့ဘူး။ နှစ်ယောက်စလုံးက အောက်ပိုင်းသေသွားတယ်” ဟု ကိုခိုင်ကြီးကဆိုသည်။

၎င်းတို့သည် ကိုယ်လက်အင်္ဂါဆုံးရှုံးမှုအတွက် နစ်နာကြေး ဘတ် ၅ သိန်းခန့် ရရှိရမည်ဖြစ်သည်။

သို့သော် နစ်နာကြေးကို တစ်လုံးတစ်ခဲတည်း မဟုတ်ဘဲ လစဉ် ဘတ် ၅၈၀၀ နှုန်းဖြင့် ၈ နှစ်မှ ၉ နှစ်အထိ အထိ ရယူရမည်ဟု တရားရုံးက အမိန့်ချခဲ့ကြောင်း AAC အဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် ဒုက္ခသည်နှစ်ဦးသည် နစ်နာကြေးကို တစ်ခါတည်း မရရှိသည့်အတွက် မြန်မာပြည်သို့ ပြန်ခွင့် မသာခဲ့ပေ။

နစ်နာကြေး ဘတ် ၅ သိန်းစလုံး အပြည့်အဝ တစ်ခါတည်း ရရှိပါက နေရပ်ပြန်ရန် မြန်မာဒုက္ခသည်များက စဉ်းစားထားကြကြောင်း AAC မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

“သူတို့ ဘတ် ငါးသိန်းလောက် ရသွားရင် သူတို့လည်း အိမ်ပြန်ပြီး ခြံလေးဝယ် အေးအေးဆေးဆေး နေချင်မှာပေါ့။ ဒါကို ငွေ ငါးထောင်လောက်နဲ့ ထိုင်းမှာ ဆက်နေနေရမယ်ဆိုရင် စဉ်းစားကြည့်ပေါ့။ နစ်နာကြေးရလည်း ဒုက္ခတွေက ပိုဖြစ်လာတယ်” ဟု ဦးခိုင်ကြီးက ဆိုသည်။

ယခင်က AAC ရုံးတွင် ခိုလှုံနေစဉ် ဒုက္ခသည်များအတွက် စားဝတ်နေရေး အခမဲ့ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ဒုက္ခသည်များသည် နစ်နာကြေး လစဉ်ထောက်ပံ့ငွေဖြင့် ထိုင်းနိုင်ငံတွင် အိမ်ငှားခ၊ စားဝတ်နေရေးများအတွက် ကုန်ကျခံနေရပြီဖြစ်သည်။

“(ထိုင်းအစိုးရက) နစ်နာကြေးတွေ ပေးနေလည်း သူတို့ကို (နစ်နာသူတွေကို) ပုံပေးလိုက်တာ မဟုတ်တဲ့အတွက် သူတို့ဘဝတွေ ပျက်စီးသွားတာပဲ အဖတ်တင်နေတယ်။ သူတို့ပေးတဲ့ ပိုက်ဆံ သူတို့နိုင်ငံမှာပဲ ပြန်ထားခဲ့ရတယ်။ ခါးတစ်ပိုင်း သေနေတဲ့ သူက အလုပ်မလုပ်နိုင်တော့ဘူးလေ။ ဘယ်လို လုပ်ကြမလဲပေါ့” ဟု ဦးခိုင်ကြီးက ဆိုသည်။

မြန်မာဒုက္ခသည်များအတွက် ရရှိနေသော နစ်နာကြေးများကို လစဉ်မဟုတ်ဘဲ တစ်ခါတည်း ရရှိဖို့ အယူခံဝင်ရန်အတွက်လည်း တရားရုံးဘက်က လက်မခံခဲ့ကြောင်း ၎င်းကပြောသည်။

လုပ်ငန်းခွင် မတောတဆမှုကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများကို လျော်ကြေးငွေ တစ်ကြိမ်တည်းပေးလိုက်ပါက အကုန်သုံးလိုက်ပြီးနောက် အခက်အခဲဖြစ်နေသည်မျိုးရှိ၍ ယခုကဲ့သို့ ခွဲပေးရန်ဆုံးဖြတ်ရခြင်းဟု တရားရုံးကဆိုသည်။

တရားရုံးဘက်က နစ်နာကြေးများကို ဘဏ်အကောင့်မှတစ်ဆင့် လစဉ်ပေးရန် အမိန့်ချထားသည်။ မြန်မာနိုင်ငံသားအတွက် ယင်းဆုံးဖြတ်ချက်မှာ ကူညီရာမရောက်ဘဲ ဒုက္ခထပ်တိုးပေးသကဲ့သို့ ဖြစ်နေသည်။

မြန်မာများအနေဖြင့် နေထိုင်ခွင့် ဗီဇာရှိမှသာ ဘဏ်အကောင့် ဆက်လက်အသက်ဝင်နေမည်ဖြစ်သဖြင့် ထိုင်းအစိုးရထံတွင် အလုပ်သမား မှတ်ပုံတင်ထားရကာ ယင်းအတွက် ထပ်မံကုန်ကျနေကြောင်း ဦးခိုင်ကြီးက ပြောသည်။

မသန်စွမ်း မြန်မာဒုက္ခသည် ကိုးဦးမှာမူ နစ်နာကြေးများအတွက် တရားရင်ဆိုင်နေရဆဲဖြစ်သဖြင့် AAC ရုံးကပင် ကူညီထားရဟုဆိုသည်။

အမိမဲ့သား ရေနည်းငါး

ယခင်က ရုံးတွင် ပုံမှန်အလှူရှင်များဖြင့် ဒုက္ခသည်များ၏ စားဝတ်နေရေးကို အခမဲ့ ကူညီနိုင်သော်လည်း ရုံးဖြိုဖျက်ခံရပြီးနောက် အလှူရှင်အများစု ဆက်မရှိတော့ကြောင်း AAC အဖွဲ့ထံမှ သိရသည်။

ယခင်က AAC ရုံးတွင် အလှူရှင်များက ဆန်၊ ဆီနှင့် စားနပ်ရိက္ခာများ လှူဒါန်းနေသဖြင့် ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် မပူပင်ရဟုဆိုသည်။

ရုံးတွင် ကူညီချက်ပြုတ်ပေးမည့်သူများလည်း ရှိပြီး ဒုက္ခသည်များကို ကိုယ်တိုင်ကျွေးမွေးရသဖြင့် အလှူရှင်များအတွက်လည်း အဆင်ပြေနေခဲ့သည်။

AAC ရုံး ဖြိုဖျက်ခံရပြီးနောက်ပိုင်း ဒုက္ခသည်များ ကိုယ်တိုင် အခန်းငှား၍ စားသောက်နေကြရပြီး မိသားစုဝင်များပါ ကိုယ်တိုင် ပြုစုစောင့်ရှောက်နေကြရသည်။

နစ်နာကြေး လစဉ် ရရှိနေသူများပင်လျှင် လကုန်သည်နှင့် အခန်းခနှင့် မီး၊ ရေခများအတွက် ရှင်းပေးလိုက်ပါက ၎င်းတို့၏ လစဉ်နစ်နာကြေးများ မကျန်တော့ပေ။

မသန်စွမ်း ဒုက္ခသည်များမှာ နေစရိတ်နှင့် စားစရိတ်များကို ကိုယ်တိုင်ရှာဖွေရန် မလွယ်ကူကြသဖြင့် AAC မဟာမိတ်အဖွဲ့ကပင် ဆက်လက်ကူညီပေးနေရကြောင်း ဦးခိုင်ကြီးက ပြောသည်။

“လက်ရှိ AAC ရုံးမရှိတော့လို့ အခက်အခဲတွေ လုံးဝဖြစ်နေကြတယ်။ ဦးခိုင်ကြီးကတော့ တိုက်ခန်းငှားပြီး ထားထားပေးတာပဲ။ အစားအသောက်ကတော့ ရုံးကပဲ ဆက်ပြီး ကူညီပေးနေတုန်းပေါ့နော်” ဟု ယင်းရုံး၏ အစီအစဉ်ဖြင့် တရားရင်ဆိုင်နေသော ထားဝယ်ဒေသခံ အမျိုးသားကဆိုသည်။

သို့သော် လက်ရှိတွင် AAC အဖွဲ့က ဆက်လက်ကူညီရန် ခက်ခဲလာနေသဖြင့် မသန်စွမ်းဒုက္ခသည်များမှာ ကူညီရာမဲ့လာနေသည်။

မြန်မာအစိုးရဟုဆိုသည့် စစ်အာဏာရှင်အဖွဲ့မှာ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမား ဒုက္ခသည်များအတွက် အကူအညီမပေးဘဲ အခွန်ရရန်သာ အာရုံစိုက်နေကြသည်။ ယခုကဲ့သို့ ပြဿနာများမှာ သံအရာရှိများ ဝင်ရောက်ကူညီပါက အလွယ်တကူပြီးသွားနိုင်သော်လည်း လိုက်ပါကူညီခြင်းမရှိကြပေ။

ထိုင်းရောက် မြန်မာအလုပ်သမား ဒုက္ခသည်များမှာ အမိမဲ့သား ရေနည်းငါး ကဲ့သို့ပင် ကူသူမဲ့နေပြီး ဒုက္ခမျိုးစုံကို ရှိသမျှခွန်အားဖြင့် တုံ့ပြန်ရင်ဆိုင်နေကြရသည်။

မြန်မာနိုင်ငံတွင် အစိုးရကောင်းတစ်ရပ် မပေါ်လာပါ မသန်စွမ်းဖြစ်သွားသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအပါအဝင် ထိုင်းရောက်မြန်မာလုပ်သားများမှာ ဒုက္ခများစွာ ကြုံတွေ့ရနိုင်ကြောင်း ဦးခိုင်ကြီးက ယခုလိုဆိုသည်။

“အခုက အစိုးရဘက်က လိုက်မကူပေးလို့ ဖြစ်နေကြတာလေ။ အစိုးရသာ ကူညီမယ်ဆို အဖွဲ့အစည်းတွေလည်း မလိုပါဘူး။ အစိုးရက ကောင်းလာရင်တော့ စိတ်ပူစရာမလိုပါဘူး။ အစိုးရက မကောင်းလာဘူးဆိုရင်တော့ ရှော့ခ်ရှိနိုင်တာပေါ့”