သတိပေးချက်
December 23, 2024

မဟာချိုင်တွင် ထိုင်းအမျိုးသမီးနှစ်ဦး မြန်မာလုပ်သားများထံမှ ဘတ်သိန်းဆယ်ဂဏန်းလိမ်

November 21, 2024

November 21, 2024
ပုံစာ - စက်ရုံရှေ့တွင် မြန်မာအလုပ်သမားများ နိုဝင်ဘာလ ၂၀ရက်က တောင်းဆိုနေကြစဉ်။ ဓာတ်ပုံ - Khaosod English

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ စက်ရုံတွင်အလုပ်ရမည်ဟုဆိုကာ ထိုင်းအမျိုးသမီးနှစ်ဦးက မြန်မာအလုပ် သမား များထံမှ ဘတ်ငွေသိန်းဆယ်ဂဏန်း လိမ်လည်ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း အမှုကိုလိုက်ပါကူညီဖြေရှင်းပေးနေ သော AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားများသည် အေကချိုင်လမ်းရှိ စက်ရုံတစ်ရုံတွင် အလုပ်သွားလျှောက်သောအခါ စက်ရုံရှိ ထိုင်းအမျိုးသမီး နှစ်ဦးက နိုဝင်ဘာလ ၂၀ရက်တွင် အလုပ်ဝင်ရမည်ဟုပြောပြီး ငွေကြေးကြိုတင်တောင်းယူခဲ့ကြောင်း အဖွဲ့ထံမှသိရသည်။

အထောက်အထားမရှိသော မြန်မာများကို ဘတ်ခုနစ်ထောင် ကြိုတင်ကောက်ခံခဲ့ပြီး စာရွက်စာတမ်းပြည့်စုံသူများကို ဘတ် ၃၅၀၀ ကြိုတင်ကောက်ခံခဲ့ကြောင်း AAC ထံမှ သိရသည်။

ယင်းစက်ရုံတွင် အလုပ်လျှောက်ခဲ့သော မြန်မာအလုပ်သမား ၁၄၉ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod သတင်းတွင် ဖော်ပြသည်။

စာရင်းမရသေးသည့် မြန်မာအလုပ်သမားများ ဆက်လက်ရှိနေပြီး လက်ရှိစာရင်းရထားသူများကို တွက်ချက်မှုအရ ဘတ်သိန်း ဆယ်ဂဏန်း လိမ်လည်ခံထားရကြောင်း ဦးခိုင်ကြီးက ပြောဆိုသည်။

အလုပ်ဆင်းရန် ရက်ချိန်းပေးခဲ့သော နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် ကုမ္ပဏီသို့ မြန်မာအလုပ်သမားများ လာရောက်စဉ် စက်ရုံဘက်က အလုပ်မသွင်းပေးကြောင်း ၎င်းက ဆိုသည်။

အလုပ်မရသဖြင့် အလုပ်သမားများက အလုပ်ဝင်ကြေးများ စက်ရုံထံမှ ပြန်တောင်းရာ အလုပ်ဝင်ကြေးနှင့်ပတ်သက်၍ စက်ရုံဘက်က မသိကြောင်းသာ ဖြေကြားခဲ့ကြောင်း ဦးခိုင်ကြီးက ပြောသည်။

စက်ရုံရှေ့တွင် မြန်မာအလုပ်သမားများက နံနက်ပိုင်းမှ ညနေပိုင်းအထိ စောင့်ဆိုင်ခဲ့သော်လည်း ငွေယူထားသော ထိုင်းအမျိုးသမီးနှစ်ဦးနှင့် ပတ်သက်၍ စက်ရုံဘက်က မည်သည့်ဖြေရှင်းချက်မျှ မပေးခဲ့ကြောင်း AAC ထံမှ သိရသည်။

အလုပ်သမားများက မကျေနပ်သဖြင့် အလုပ်ဝင်ကြေးပြန်ရရေး ညဘက်အထိ ကုမ္ပဏီရှေ့ စုဝေးတောင်းဆိုမှသာ ထိုင်း အာဏာပိုင်များ လာရောက်ဖြေရှင်းပေးခဲ့သဖြင့် ကုမ္ပဏီဘက်က ထွက်ပြီးဖြေရှင်းပေးခဲ့ကြောင်း ဦးခိုင်ကြီးက ဆိုသည်။

“ညဘက် ၁၁ နာရီလောက်ကျ အလုပ်သမားဝန်ကြီးဌာနတွေလာမှ ဒီအမျိုးသမီးက ပိုက်ဆံတွေ လိမ်သွားပါတယ်ဆိုတာကို အတည်ပြုပေးတာ။ ငွေကြေးပိုင်းနဲ့ပတ်သက်ပြီး ဘာမှဖြေရှင်းပေးဖို့ တာဝန်မယူဘူး” ဟု ၎င်းက ပြောသည်။

ငွေကြေးလိမ်လည်ထွက်ပြေးသွားသော ထိုင်းအမျိုးသမီးနှစ်ဦးကို ဖမ်းဆီးနိုင်ရေး အထောက်အထားများ စုဆောင်းကာ ရဲစခန်းသွား၍ အမှုဖွင့်နိုင်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများသည် အလုပ်ရှာပေးသော ပွဲစားများကို အလုပ်မရခင် ငွေကြိုမပေးကြရန်နှင့် ငွေကြို ပေးပါကလည်း ဘဏ်မှတစ်ဆင့်ငွေပေးပြီး သက်သေအထောက်အထားများရယူထားရန် အလုပ်သမားကူညီရေး အဖွဲ့များက တိုက်တွန်းသည်။