ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်၊ ပထုန်ဌာနီ – လန်စစ်လမ်းမပေါ်ရှိ ဆန်တီဆွတ်လမ်းဆုံအနီးတွင် ယနေ့ စက်တင်ဘာလ ၂၂ ရက် နံနက်အစောပိုင်းက မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ကားတစ်စီးတိမ်းမှောက်ပြီး နှစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရ ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ကားပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသားခုနစ်ဦး၊ အမျိုးသမီးနှစ်ဦး လိုက်ပါလာကြပြီး အားလုံးသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း ဖော်ပြသည်။
တလာထိုင်း ဒေသဘက်သို့ မောင်းနှင်လာစဉ် ယာဉ်မောင်းသူ အိပ်ငိုက်ပြီး ကားသည် လမ်းအလယ်ရှိ ကွန်ကရစ်ဘောင်နှင့် ဆိုင်းဘုတ်တစ်ခု၏ တိုင်တို့ကို ဝင်တိုက်ပြီး တိမ်းမှောက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံသားများက ရဲတပ်ဖွဲ့ထံ ထွက်ဆိုကြောင်း သတင်းတွင် ဖော်ပြသည်။
ကားထဲတွင် ပိတ်မိနေသူများကို ကား ဖြတ်တောက်ရေး ကိရိယာများကို အသုံးပြုကယ်ဆယ်ခဲ့ရပြီး ယာဥ်မောင်း အပါအဝင် နှစ်ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူ ခုနစ်ဦးကို ပထုန်ဌာနီ ဆေးရုံ နှင့် လတ်လုမ်ခဲရိုဆေးရုံများသို့ ဆေးကုသရန် ပို့ဆောင်ထား ကြောင်း ဆိုသည်။
ကားပေါ် လိုက်ပါလာသူများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများ ဟုတ်မဟုတ် ဆက်လက် စုံစမ်းအတည်ပြုနေကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။
Ref: Khasoad English