သတိပေးချက်
June 21, 2025

ထိုင်းတွင် မြန်မာတစ်ဦး အွန်လိုင်းက ဖုန်းဝယ်ရာ iPhone အတုဖြင့်လိမ်လည်ခံရ

November 22, 2023

November 22, 2023

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် မြန်မာနိုင်ငံသားတစ်ဦးသည် အွန်လိုင်းမှတစ်ဆင့် ဖုန်းဝယ်မိရာ iPhone အတုဖြင့် လိမ်လည်ခံလိုက်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသားသည် နိုဝင်ဘာလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံသားတစ်ဦး Facebook စာမျက်နှာပေါ်မှတစ်ဆင့် ရောင်းချသည့် iPhone Xs max ကို ဘတ် ၈၉၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း ဖော်ပြသည်။ 

ဖုန်းဝယ်ယူမည်ဟုပြောဆိုပြီး ၂ နာရီခန့်အကြာတွင် မြန်မာနိုင်ငံသားနေထိုင်ရာ အခန်းသို့ ပစ္စည်းပို့သမားက ရောက်ရှိလာခဲ့ကြောင်း ရေးသားထားသည်။

အွန်လိုင်းပေါ်က ရောင်းသူကို iPhone အစစ်ဟုတ်မဟုတ် အတည်ပြုမေးမြန်းရာ အစစ်ဖြစ်ကြောင်း အာမခံပြောကြားသဖြင့် ဘဏ်အကောက်ထဲသို့ ဘတ် ၈၉၀၀ ကို ငွေလွှဲပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ပါဆယ်ထုပ်ကို ဖွင့်ဖောက်ကြည့်ပြီး မိမိကိုင်ဆောင်ထားသော မော်ဒယ်တူ iPhone နှင့် နှိုင်းယှဉ်ကြည့်ရာ အစစ်ကဲ့သို့ လုပ်ဆောင်ချက်များ မတူညီနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဆိုသည်။

ယင်းနောက် ဖုန်းဆိုင်တစ်ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ရာမှ တရုတ်ထုတ် iPhone အတုဖြစ်နေကြောင်း သတင်းတွင် ရေးသားထားသည်။

ထို့ကြောင့် အွန်လိုင်းမှရောင်းချသူကို ထပ်မံဆက်သွယ်ခဲ့ရာ ဖုန်းစက်ပိတ်ထားသည်ကို တွေ့ရှိရပြီး အဆက်အသွယ် လုံးဝ မရတော့ကြောင်း ဆိုသည်။  

ထို့ကြောင့် ဖုန်းလိမ်လည်ရောင်းချသွားသူကို ခြေရာခံဖမ်းဆီး အရေးယူပေးနိုင်ရန်အတွက် သက်သေ အထောက်အထားများဖြင့် နွန်ထဘူရီရဲစခန်းတွင် နိုဝင်ဘာလ ၂၁ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ဖော်ပြသည်။

Ref: CH 7 News HD, Siamrath, CH 3 Plus